မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီး ၂ဝ၂၅ ခုနှစ်၊ ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း(Dip.EP) အမှတ်စဉ်(၁/၂၀၂၅) သင်တန်း ဖွင့်လှစ်သင်ကြားပို့ချနေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီး ၂ဝ၂၅ ခုနှစ်၊ ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း(Dip.EP) အမှတ်စဉ်(၁/၂၀၂၅) သင်တန်း ဖွင့်လှစ်သင်ကြားပို့ချနေမှုအား ကြည့်ရှုအားပေး

မကွေး ဧပြီ ၂၉

          ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အခြေခံပညာကျောင်းများတွင် တာဝန် ထမ်းဆောင်နေကြသည့် ပညာရေးဒီပလိုမာ မရရှိသေးသည့် မူလတန်းအဆင့်သင် ဆရာ၊ ဆရာမ များအား ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း ( Diploma in Education and Pedagogy-Dip.EP)သင်တန်းကို (၄)လကြာဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ ယနေ့နံနက်ပိုင်းက မကွေးမြို့ အမှတ်(၁၊ ၂၊ ၃၊ ၄) ကျောင်းများတွင် ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေးသည်။

          အဆိုပါသင်တန်းကို လုပ်ငန်းခွင်အတွင်းရှိ ပညာရေးဒီပလိုမာမရရှိသေးသည့် ဆရာ၊ ဆရာမ များအတွက် ဆရာအတတ်ပညာအရည်အသွေး ပြည့်ဝသည့် ဆရာ၊ ဆရာမများအား မွေးထုတ် ပေးရန်၊ အခြေခံပညာကဏ္ဍရှိ အခြေခံပညာကျောင်းများတွင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး သင်ကြားရေး စွမ်းရည်မြင့်မားသော မူလတန်းပြ၊ အလယ်တန်းပြ၊ ဆရာ၊ ဆရာမများ ဖြစ်လာစေရေး လေ့ကျင့် သင်ကြားပေးရန်နှင့် ဆရာ၊ ဆရာမများ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၅ ခုနှစ်၊ မတ်လ(၂၄)ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ မေလ(၃၀) ရက်နေ့အထိ သင်တန်းပို့ချမှာဖြစ်ပြီး၊ လက်တွေ့တန်းပြ ဆင်းမည့် ကာလ(၄၃)ရက်ခန့် အပါအ၀င် စုစုပေါင်း(၄)လခန့် ကြာမြင့်မည်ဖြစ်သည်။

          တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် မကွေးမြို့ပေါ်ရှိ အထက(၁)၊ (၂)၊ (၃)၊ (၄)ကျောင်းများသို့ ရောက်ရှိစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းတက်ရောက်လာကြတဲ့ ဆရာ၊ ဆရာမများအနေဖြင့် မိမိတာဝန်ထမ်းဆောင်နေတဲ့ ကျောင်းများမှာရှိတဲ့ မိမိတို့၏ တပည့် ကျောင်းသား၊ ကျောင်းသူများအား သင်ရိုးဝင်စာပေဘာသာရပ်များထူးချွန်ပြီး လက်တွေ့ ဖွံ့ဖြိုးရေး ဘာသာရပ်များ ကျွမ်းကျင်တဲ့ ဘက်စုံပညာထူးချွန်သော ကျောင်းသား၊ ကျောင်းသူများနှင့် ကာယဗလ၊ ဉာဏ ဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလစတဲ့ ဗလငါးတန်နဲ့ ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူ များအား မွေးထုတ်ပေးနိုင်မှာဖြစ်တဲ့အတွက် ဒီသင်တန်းကို အလေးထား သင်ယူကြပြီး၊ သက်ဆိုင်ရာ တာဝန်ရှိသူ များ၏ ကြီးကြပ်မှုများကိုလည်း ခံယူကြရန်နှင့် အားပေးစကားများပြောကြားခဲ့သည်

          “ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊သက်ဆိုင်ရာဦးစီးဌာနများရဲ့ လမ်းညွှန်မှု၊တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ ပေါင်းစပ် ညှိနှိုင်း၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ သင်တန်းတွင် ပညာရေး သဘောတရား၊ ပညာရေးစိတ်ပညာ၊ မြန်မာစာသင်ပြနည်း၊ အင်္ဂလိပ်စာ သင်ပြနည်း၊ သင်္ချာ သင်ပြနည်း၊ သိပ္ပံသင်ပြနည်း၊ လူမှုရေး သင်ပြနည်းစသည့် သင်ရိုးဝင်ဘာသာရပ် များအပြင် ဖွံ့ဖြိုးရေးဘာသာရပ်များဖြစ်သည့် ကာယ၊ ပန်းချီ၊ ဂီတ၊ စိုက်ပျိုးရေး၊ အိမ်တွင်းမှု၊ စက်မှု လက်မှု၊ ICT ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ စာရိတ္တနှင့် ပြည်သူ့နီတိ စသည်ဖြင့်(၁၆) ဘာသာရပ် သင်ကြားပို့ချ လျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများတွင် မူလတန်း အဆင့်၌ တာဝန်ထမ်းဆောင် နေကြသည့် သင်ကြားရေးဆရာ၊ ဆရာမများ စုစုပေါင်း (၂၄၅၄)ဦး တက်ရောက်လျက်ရှိပြီး၊ မကွေးပညာရေးဒီဂရီကောလိပ်၊ မကွေးမြို့ပေါ်ရှိ အထက(၁)၊ (၂)၊ (၃)၊ (၄)များ၊ အထက(၂) ချောက်၊ အထက(၁)မင်းဘူးမြို့နှင့် ပခုက္ကူပညာရေးဒီဂရီကောလိပ် စုစုပေါင်းသင်တန်း နေရာ(၈)ခုတို့တွင် သင်တန်းဖွင့်လှစ်ကာ၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ရေးဒီဂရီကောလိပ်များမှ ဆရာ၊ ဆရာမ များ(၁၀၀)ဦးခန့်နှင့် အခြေခံပညာဦးစီးဌာနမှ ဒေါက်တာဘွဲ့ (P.hD)၊ မဟာဘွဲ့ (M.Ed)ဘွဲ့ရ ဆရာ၊ ဆရာမများ(၆၄)ဦးတို့က သင်ကြားပို့ချလျက်ရှိကြောင်း တိုင်းဒေသကြီးပညာရေးမှူး ဒေါက်တာကျော် စိုးနိုင် ထံမှ သိရှိရသည်။

နောက်ဆုံးရ သတင်း