မကွေး အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ၊ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက မကွေးခရိုင်၊ မကွေးမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန တို့ ပူးပေါင်းဆောင်ရွက်သည့် မြေပဲသီးနှံမျိုးဗီဇနှင့် ပတ်ဝန်းကျင်တို့၏ အပြန်အလှန် တုန့်ပြန်မှုကို လေ့လာခြင်း စမ်းသပ်ဆောင်ရွက်သည့် မြေပဲအထွက်တိုး စံပြကွက်အား ကြည့်ရှု စစ်ဆေးကာ ဒေသခံ တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ် ဘုရားပြိုကျေးရွာ အုပ်စု၊ ဂွေးတောက်စမ်းကျေးရွာ တောင်သူဒေါ်သန်းနွဲ့ မြေပဲစိုက်ကွင်းသို့ ရောက်ရှိပြီး၊ စိုက်ကွင်း အတွင်း စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မြေပဲသီးနှံမျိုးဗီဇနှင့် ပတ်ဝန်းကျင်တို့၏ အပြန်အလှန်တုန့်ပြန်မှုကို လေ့လာခြင်း စမ်းသပ်ဆောင်ရွက် သည့် မြေပဲအထွက်တိုး စံပြကွက်အား ကြည့်ရှုစစ်ဆေးကာ၊ ယာယီ ရှင်းလင်းဆောင်တွင် ဘုရားပြို ကျေးရွာအုပ်စု ဘုရားပြို-(တ)(မ)၊ မင်းရွာ၊ ဂွေးတောက်စမ်းကျေးရွာတို့မှ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
တွေဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား သက်ဆိုင်ရာ ကဏ္ဍ အလိုက် ဆွေးနွေးတင်ပြကာ၊ စိုက်ပျိုးရေးဦးစီးဌာ တာဝန်ရှိသူတို့က မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါနှင့် ကြံသီးနှံများ၏ သက်တန်းအလိုက် ရေသွင်းခြင်း၊ ပေါင်းနှိမ်နင်းခြင်းနှင့် မြေသြဇာကျွေးခြင်း ဆောင်ရွက်သည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) တိုင်းဒေသကြီးဦးစီးမှူးက ကျေးရွာများတွင် ရေရယူရန် ခက်ခဲသည့် စိုက်ခင်းများ အတွက် ဆိုလာ ရေတင်စနစ်ဖြင့် ဆောင်ရွက်နိုင်မည့်အခြေအနေများအား လည်းကောင်း ရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသနှင့် ကိုက်ညီသော မြေပဲသီးနှံများတိုးချဲ့ စိုက်ပျိုးရေး၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးတို့အတွက် ယခုနှစ် မိုးရာသီနှင့် မိုးနှောင်းရာသီမှာ တိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း(မကွေး၊ နတ်မောက်၊ တောင်တွင်းကြီး) ၃ နေရာနှင့် ဧရာဝတီမြစ် အနောက်ဘက်ခြမ်း(မင်းဘူး၊ ပွင့်ဖြူ၊ မင်းလှ) ၃ နေရာ၊ စုစုပေါင်း (၆)နေရာမှာ မြေပဲသီးနှံမျိုးဗီဇနှင့် ပတ်ဝန်းကျင်တို့၏ အပြန်အလှန်တုန့်ပြန်မှုကို လေ့လာခြင်း စမ်းသပ်ကွက်များ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြေပဲသီးနှံတစ်ဧက အထွက်တိုးရန် အတွက် အထွက်တိုးသည့် စနစ်များဖြစ်သည့် အပင်ဦးရေပြည့်မီစွာ စိုက်ပျိုးရေး၊ အစေ့အဆံ ပြည့်ဝစေရန်အတွက် ကျောက်မှုန့် ထည့်သွင်း အသုံးပြု ရန်၊ EM ရရှိအောင် EM ကို ရေနဲ့ ရောစပ်၍ နှမ်းရိုး၊ မြေပဲရိုးများကို ဆွေးမြေ့စေပြီး၊ မြေဆွေးပုံပြုလုပ်ရန်နှင့် စိုက်ခင်းများတွင် ထည့်သွင်း အသုံးပြုပါက ငွေကြေးကုန်ကျမှု သက်သာပြီး အထွက်တိုးမည်ဖြစ်ကြောင်း၊ ဆီထွက် သီးနှံနှင့် ပဲမျိုးစုံ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မြေပြင်ခြင်း၊ မျိုးရွေးချယ်ခြင်း၊ စိုက်ပျိုးနည်း စနစ်များကို မှန်ကန်အောင် ဆောင်ရွက်ခြင်း၊ တစ်ဧက သတ်မှတ်အပင်ဦးရေ ပြည်မီရေး၊ လိုအပ်သော သွင်းအားစုများ ထည့်သွင်းခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းနှင့် ရိတ်သိမ်းချိန်တွင် အလေ အလွင့်မရှိစေရေး စနစ်တကျ ဆောင်ရွက်ကြဖို့လိုကြောင်းနှင့် နိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံပိုလျှံ စေရေး နှင့် နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုကိုအားပေးစို့ ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် တောင်သူများအနေဖြင့် ပူးပေါင်းပါဝင် လုပ်ဆောင် သွားကြရန် တောင်သူ အသိပညာပေး ပြောကြားကာ၊ ဒေသခံများ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တင်ပြချက်များအပေါ် လိုအပ်သည်များကို ဆက်စပ်ဌာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



