မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲ အခမ်းအနား တက်ရောက်

မကွေး ဖေဖော်ဝါရီ ၉

          မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် မီးပုံးပျံ လွှတ်တင်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီက မကွေးမြို့၊ မြသလွန် ဘုရား ပွဲတော်ကွင်းပြင်၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ မကွေးတပ်နယ်မှ ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီး များနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

          ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန အောက်ရှိ ဌာနဆိုင်ရာ(၃)သင်း၊ စီးပွားရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာ(၁)သင်း၊ သယံဇာတ ရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာ(၂)သင်း၊ လူမှုရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာ (၃)သင်း၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာ(၃)သင်း၊ တိုင်းရင်းသား ရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများ၊ တိုင်းတရားလွှတ်တော်၊ တိုင်းဥပဒေချုပ်ရုံးတို့ ပူးပေါင်းပြီး အသင်း(၁)သင်းနှင့် အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြုအသင်း(၁)သင်း စုစုပေါင်း ပြိုင်ပွဲဝင်အသင်း(၁၄)သင်းတို့ ထမနဲထိုးယှဉ်ပြိုင်နေမှုနှင့် ပြိုင်ပွဲဝင်အသင်းများ ကိုယ်စားပြု အကအဖွဲ့များ ဖျော်ဖြေ တင်ဆက်မှုကို ကြည့်ရှု့အားပေးသည်။

          ထို့နောက် ဆုချီးမြှင့်ပွဲ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာ ထမနဲထိုးပွဲတော်ကို မြန်မာတို့၏ ထုံးတမ်း အစဉ်အလာ အရ ကောက်ဦးပေါ်စ တပို့တွဲလဆန်း အချိန်မှ လပြည့်နေ့ တိုင်အောင် နိုင်ငံအနှံ့အပြားမှာ ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိပါကြောင်း၊ ထမနဲကို မြတ်စွာဘုရားရှင်နှင့် ရဟန်းသံဃာတော်များ၊ သက်ကြီး ရွယ်အိုများကို လှူဒါန်းခြင်းဖြင့် ဒါနကုသိုလ် ရရှိစေမှာဖြစ်သလို စိတ်ဓာတ်အင်အားကို ပိုမိုတက်ကြွမှု ရရှိစေမှာ ဖြစ်ကြောင်း၊ ထမင်းနဲထိုးခြင်းမှ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှုနှင့် အချိန်ကို စီမံခန့်ခွဲနိုင်မှုအစရှိတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာ ဖြစ်ပါကြောင်း၊ တပို့တွဲလ အခါသမယ ဟာ အလွန်အေးမြ၍ အဆီခြောက်ခန်းချိန် ဖြစ်တာကြောင့် ဆီနိုင်တဲ့ အပူစာထမနဲကို သုံးဆောင်လျှင် အပူဓာတ်ရကာ အသားအရည် စိုပြည်တာကြောင့် ထမနဲဟာ ရာသီကိုက်ဓာတ်စာ ဖြစ်ကြောင်း ဆေးကျမ်းများမှာ ဖော်ပြထားတာကို တွေ့ရကြောင်း၊ ထမင်းနဲဟာ မြန်မာလူမျိုးတို့ ကြိုက်နှစ်သက် တဲ့ ရာသီစာတစ်ခု ဖြစ်ပြီး၊ တစ်ဦးတစ်ယောက်တည်းနဲ့ ပြုလုပ်လို့ရတဲ့ အစားအစာမဟုတ်ဘဲ စုပေါင်း အင်အားနဲ့ ပြုလုပ် ရတာဖြစ်တဲ့အတွက် သာမန်မဟုတ်ဘဲ စည်းလုံးညီညွတ်ခြင်းကိုပြသသော ပွဲတစ်ခု ဖြစ်တာကြောင့် ပါဝင်ဆင်နွဲသူအားလုံး အနေဖြင့် ဝီရရသနှင့် သန္တရသတို့ကို ခံစားရမှာဖြစ်ပါကြောင်း၊ မိမိတို့ မကွေးတိုင်းဒေသကြီးအနေဖြင့်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာ ကောင်းများကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သည့် အနေဖြင့် ယခုလို ထမနဲထိုး ပြိုင်ပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ မိမိတို့ ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်းထိန်းသိမ်း လာခဲ့တဲ့အတွက် မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာ စာပေ၊ မြန်မာ့ယဉ်ကျေးမှုတို့ တည်တံ့နေခြင်းလည်း ဖြစ်ပါကြောင်း၊ မိမိမြန်မာ လူမျိုးတို့၏ ယဉ်ကျေးမှု အစဉ်အလာကောင်းများ၊ ရိုးရာယဉ်ကျေးမှုပွဲတော်များကို မပျောက်ပျက် အောင်မျိုးဆက်သစ်လူငယ်များက ထိန်းသိမ်းသွားရန် လိုအပ်ကြောင်းနှင့် မြန်မာ့ဓလေ့ ထုံးစံများ အရှည် တည်တံ့ရန်နှင့် ယဉ်ကျေးမှု အစဉ်အလာ ကောင်းများကို အသိစိတ်ဓာတ် ရှိစွာဖြင့် လက်ဆင့် ကမ်း မျှဝေဆောင်ရွက်ကြရန် ပြောကြားသည်။

          ယင်းနောက် ထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိသည့် ပထမဆု(၁၀)သိန်း၊ ဒုတိယဆု(၇)သိန်း၊ တတိယ ဆု(၅)သိန်း၊ စတုတ္တဆု(၄)သိန်း၊ နှစ်သိမ့်ဆု(၂)သိန်းအပြင် ပြိုင်ပွဲဝင်တစ်သင်းလျှင် တစ်သိန်းနှုန်းဖြင့် ထပ်ဆောင်းချီးမြှင့်ငွေများနှင့် တီဗွီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ လျှပ်စစ်မီးပူ၊ ပန်ကာ၊ ထမင်း ပေါင်းအိုးများအပြင် ဗလမပါကံစမ်းမဲ ကံထူးရှင်များအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

 

နောက်ဆုံးရ သတင်း