မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အထောက် အကူဖြစ်သည့် ပြည်သူလူထုအတွက် ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ (Billboard) စိုက်ထူခြင်း အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အထောက် အကူဖြစ်သည့် ပြည်သူလူထုအတွက် ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ (Billboard) စိုက်ထူခြင်း အခမ်းအနားသို့ တက်ရောက်

မကွေး အောက်တိုဘာ   ၇

          ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပတော့မည့် လွတ်လပ်၍ တရားမျှ တသော ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အထောက်အကူ ဖြစ်သည့် ပြည်သူလူထုအတွက် ရွေးကောက်ပွဲ နှိုးဆော်အသိပညာ ပေးဆိုင်ရာ မြေစိုက်ပိုစတာ (Billboard) စိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့၊ ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်ပန်းခြံရှေ့၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ တပ်မတော် အကြီးအကဲများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာန ဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယခုကဲ့သို့ ရွေးကောက်ပွဲနှိုးဆော် အသိ ပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ (Billboard) စိုက်ထူပေးခြင်းဖြင့် မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် မိမိတို့ မဲပေးရမည့် နေ့ရက်များ ပိုမိုသိရှိ၍ ရွေးကောက် ပွဲကြီးကို ပိုမိုစိတ်ဝင်စားလာနိုင်စေမည် ဖြစ်ပါကြောင်း၊ ယခုကျင်းပတဲ့ ရွေးကောက်ပွဲများနှင့် ယခင်ကျင်းပတဲ့ ရွေးကောက်ပွဲများမတူ ထူးခြားမှုတွေ ရှိပါကြောင်း၊ ပထမတစ်ခုအနေနဲ့ ကျင်းပတဲ့ စနစ်ဖြစ်ပြီး၊ ယခင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲများတွင် မဲအများရသူအနိုင်ယူစနစ်(FPTP)ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသားများနှင့် လူထုလူတန်းစား အလွှာများကို ကိုယ်စားပြုသူများ လွှတ်တော်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာစေရေးအတွက် ပြည်သူ့ လွှတ်တော်ကို FPTP စနစ်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ် (MMP- Mixed Member Proportional System)ကို အသုံးပြု၍ ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲကျင့်သုံးသွားမည် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကျင်းပချိန်တွင် လွတ်လပ်၍ တရားမျှတ မှုကိုဖော်ဆောင်နိုင် ရေးနှင့် မဲဆန္ဒရှင်များအနေဖြင့် မဲပေးရာတွင် ရှင်းလင်းလွယ်ကူစွာ မဲပေးနိုင်ရေး၊ မဲရလဒ် မှန်ကန်ရေး၊ ပယ်မဲမရှိရေး၊ မဲမသမာမှု မပြုလုပ်နိုင်ရေးနှင့် ပွင့်လင်းမြင်သာမှု ရှိစေရေး အတွက် မြန်မာအီလက် ထရောနစ်မဲပေးစက် အသုံးပြုမည်ဖြစ်ပါကြောင်း၊ ကမ္ဘာနိုင်ငံပေါင်း (၃၄)မှာလည်း အဆိုပါစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး အာဆီယံမှာ ဆိုရင်ဖြင့် မိမိတို့နိုင်ငံမှ နိုင်ငံတစ်ဝန်းလုံး ပထမဆုံး စတင် အသုံးပြုတဲ့အတွက် မိမိတို့ ဂုဏ်ယူဝမ်းမြောက်ရမှာဖြစ်ကြောင်း၊ ဒါအပြင် မဲရုံများ၌ မဲပေးရာတွင် ပထမ ဆုံးအကြိမ်အဖြစ် အီလက် ထရောနစ်မဲပေးစက်ကို အသုံးပြု မည်ဖြစ်ပြီး ရွေးကောက်ပွဲကို တစ်ကြိမ်တည်း အပြီးမကျင်းပဘဲ အပိုင်းများခွဲ၍ ကျင်းပသွားမည် ဖြစ်ရာ ထူးခြားသည့် ရွေးကောက်ပွဲ တစ်ရပ်ကို မဲဆန္ဒရှင်ပြည်သူတို့ ကြုံဖူးကြရခြင်းဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအနေဖြင့်လည်း ရွေးကောက်ပွဲ ကို အပိုင်း(၂)ပိုင်း ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်မည့် မြို့နယ် (၂၀)ရှိရာ ပထမပိုင်းတွင် မြို့နယ်(၉)မြို့နယ်နှင့် ဒုတိယပိုင်းတွင် မြို့နယ်(၁၁)မြို့နယ်တို့တွင် ရွေးကောက်ပွဲများ ပြုလုပ်သွားမည် ဖြစ်ရာ အသုံးပြုမည့် MEVM မဲပေးစက်နှင့် စပ်လျဉ်း၍ ပြည်သူလူထုအား အသိပညာ ပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများ ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ ပထမအကြိမ် မဲဆန္ဒရှင် စာရင်းများ လည်း ကပ်ထားကြေညာနေပြီဖြစ်၍ မိမိတို့၏ အမည်များ မဲစာရင်း ပါဝင်ခြင်း ရှိ/မရှိကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများတွင် သွားရောက်ကြည်ရှု့နိုင်ပြီး ပါဝင်ခြင်းမရှိပါက မဲစာရင်းတွင် ပါဝင်နိုင်ရေး လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများပါ သတ်မှတ်ပုံစံများအတိုင်း သက်ဆိုင်ရာရုံးများတွင် လျှောက် ထားကြဖို့ ပြောကြားလိုပါကြောင်း၊ “ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူများ၏ မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်” ဆိုတဲ့ လွှတ်တော်နိုင်ငံရေးနဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်ကို လျှောက်လှမ်းကြမယ်ဆိုရင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကသာ ဧကာယနော တစ်ခုတည်းသော၊ တစ်ကြောင်းတည်းသော လမ်းဖြစ်သလို ရွေးကောက်ပွဲသည် အသက်ပင်ဖြစ်ပါကြောင်း၊ အဆိုပါရွေးကောက်ပွဲကြီး အောင်မြင်စွာ “ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြစို့ ” ဟု ဆိုသည့်အတိုင်း အရွယ်ရောက်ပြီးသည့် နိုင်ငံသားတိုင်း ရွေးကောက်ပွဲတွင် မဲပေးခွင့် သည် နိုင်ငံသား အခွင့်အရေးပင်ဖြစ်ပြီး၊ နိုင်ငံသားအားလုံး မဲပေးခွင့်ရရှိရေး ဆောင်ရွက်ပေးရမည့် တာဝန်မှာ နိုင်ငံတော်၏ တာဝန်ဖြစ်သလို နိုင်ငံသားများကလည်း မဲပေးခြင်းဖြင့် နိုင်ငံအတွက် ပါဝင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ မကွေးတိုင်း ဒေသကြီးအနေဖြင့် လွှတ်တော်အသီးသီး အတွက် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စား လှယ်လောင်း(၂၇၄)ဦးဝင်ရောက် ယှဉ်ပြိုင် အရွေးခံရန် လျှောက်ထားလျက်ရှိပြီး၊ ပြည်သူများအနေဖြင့် မိမိတို့ရဲ့ အသဲကြားက မဲတစ်ပြားကို သေချာစဉ်းစားဆုံးဖြတ် ဆန္ဒပြုကြစေလိုကြောင်း၊ ဒီမိုကရေစီစနစ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မှသာ ပြည်သူ့ဆန္ဒ အစစ်အမှန်ကို ဖော်ဆောင်နိုင်မည်ဖြစ်ပေရာ နိုင်ငံတော် အစိုးရနှင့် ပြည်သူများပူးပေါင်း၍ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးမြောက်ရေး အတူယှဉ်တွဲ ပါဝင်၍ “လွတ်လပ်မျှတ မဲပေးကြ” ဆိုတဲ့ ဆောင်ပုဒ် အတိုင်း မဲပေးကြဖို့နှင့် နိုင်ငံတော်၊ နိုင်ငံရေးပါတီများ အနေနှင့် အများပြည်သူတို့ အတူ လက်တွဲပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြား သည်။

          ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့် မကွေးတိုင်းဒေသကြီးကော်မရှင် ဥက္ကဌ ဦးခင်မောင်မြင့်တို့က ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ(Billboard)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ၊ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

နောက်ဆုံးရ သတင်း