မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် မကွေးမြို့ မြသလွန်စေတီတော်၌ ဆီမီး(၉၀၀၀)၊ ပန်း(၉၀၀၀)၊ နံ့သာ(၉၀၀၀) ထွန်းညှိကပ်လှူပူဇော်ပွဲ ကျင်းပ

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် မကွေးမြို့ မြသလွန်စေတီတော်၌ ဆီမီး(၉၀၀၀)၊ ပန်း(၉၀၀၀)၊ နံ့သာ(၉၀၀၀) ထွန်းညှိကပ်လှူပူဇော်ပွဲ ကျင်းပ

မကွေး အောက်တိုဘာ ၆

          ဗုဒ္ဓဘာသာတို့၏ နေ့ထူနေ့မြတ် တစ်ရက်ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာ အခါတော်နေ့ အောက်တိုဘာလ ၆ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ ဘုရားစေတီ၊ ပုထိုးများ နှင့် ဘုန်တော်ကြီးကျောင်းများသို့ ပြည်သူအများ လာရောက်ကာ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ပဋ္ဌာန်းတရားတော်နှင့် ပရိတ်တရားတော်များ ရွက်ပွားပူဇော်ခြင်း၊ ယဉ်ကျေးမှု အစဉ်အလာမပျက် မီးထွန်းပွဲတော်များကို စိတ်အေးချမ်းသာစွာဖြင့် စည်ကားသိုက်မြိုက် ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိပြီး၊ မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်တွင် ယခင်နှစ်များနည်းတူ အသံမစဲ မဟာပဋ္ဌာန်းကျမ်းတော်မြတ် ရွက်ဖတ်ပူဇော်ခြင်းနှင့် ဆီမီး (၉၀၀၀)၊ ပန်း (၉၀၀၀)၊ နံ့သာ(၉၀၀၀)ထွန်းညှိကပ်လှူပူဇော်ခြင်းကို ကျင်းပဆောင်ရွက်ရာ မြသလွန်စေတီတော်မြတ်ကြီး ရင်ပြင် တော်၌ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားများပြား လျက်ရှိသည်။

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ သီတင်းကျွတ်လပြည့်နေ့တွင် ဆီမီး(၉၀၀၀)၊ ပန်း (၉၀၀၀)၊ နံ့သာ(၉၀၀၀)ထွန်းညှိကပ်လှူပူဇော်ခြင်းကို ယနေ့ ညနေ ၆ နာရီက မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ အထူးစည်ကားလျက်ရှိပြီး၊ ဆီမီး(၉၀၀၀)၊ ပန်း(၉၀၀၀)၊ နံ့သာ(၉၀၀၀) ထွန်းညှိ ကပ်လှူပူဇော်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေး လေတပ်စခန်းဌာန ချုပ်မှူး ဗိုလ်မှူးချုပ်သန်းနိုင်ညွန့်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိ အကြီးအကဲများ၊ မြသလွန် စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်၍ မြသလွန်ဘုရား ရင်ပြင်တော်ရှိ မဟာဝိဇယရံသီ တန်ဆောင်းတော်တွင် ရွက်ဖတ်ပူဇော်ခြင်းနှင့် ဆီမီး၊ ပန်းရေချမ်း ကပ်လှူပြီး ဘုရားရင်ပြင်တော်တွင် ဆီမီးထွန်းညှိ ပူဇော်ကာ၊ စည်ကား သိုက်မြိုက်စွာဖြင့် ဘုရား ဖူးလာပြည်သူများနှင့် အတူ မြသလွန် စေတီတော်မြတ်အား လှည့်လည် ဖူးမြှော်ကြည်ညိုခဲ့ကြသည်။

          မကွေးမြို့တွင် မြသလွန်စေတီတော်မြတ်ကြီး ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ် လဆန်းပိုင်းမှ သီတင်းကျွတ်လပြည်ကျော်အထိ ဒေသစုံမှ လာရောက်သည့် ဈေးရောင်း၊ ဈေးဝယ်များ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် စည်ကားသိုက်မြိုက်စွာဖြင့် ၂၀၁၉ ခုနှစ်ထိ အစဉ် အလာမပျက် ကျင်းပခဲ့ပြီး၊ ကိုဗစ် ၁၉ ရောဂါကြောင့် ရပ်နားထားရာမှ ယခင်နှစ်(၂၅၈၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ မြသလွန်ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာဖြင့် ပြန်လည်ကျင်းပခဲ့ပြီး၊ ယခုနှစ် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏(၂၅၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယခင် နှစ်များ နည်းတူ သံဃာတော်များပင့်ဖိတ်၍ ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အသံမစဲ မဟာပဋ္ဌာန်းကျမ်းတော်မြတ် ရွက်ဖတ်ပူဇော်ခြင်း၊ ဆီမီး(၉၀၀၀)၊ ပန်း(၉၀၀၀)၊ နံ့သာ(၉၀၀၀) ထွန်းညှိ ကပ်လှူပူဇော်ခြင်းနှင့် ဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲများကို ကျင်းပ ဆောင်ရွက်လျက်ရှိကြောင်း နှင့် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား အစဉ် အလာမပျက် (၁၃၈၇- ခုနှစ် သီတင်းကျွတ်လဆန်း ၁၀ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက် အထိ) အောက်တိုဘာလ ၁ ရက်မှ ၂၀ ရက်အထိ (၂၀)ရက် တိုင်တိုင် အငြိမ့်ပွဲ၊ ဇာတ်ပွဲများ၊ မြန်မာ့ရိုးရာ အစားအစာအမျိုးမျိုး၊ လူသုံးကုန်ပစ္စည်းများ၊ တောင်သူသုံး ပစ္စည်းအမျိုးမျိုးနှင့် ဒေသထွက်ကုန် ပစ္စည်းအမျိုးမျိုး စသည်ဖြင့် ဈေးဆိုင်ခန်းပေါင်း ၈၀၀ ကျော်ဖြင့် ခင်းကျင်း ရောင်းချကာ၊ စည်ကား သိုက်မြိုက်စွာ ကျင်းပ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရ သတင်း