မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးပညာရေးဒီဂရီကောလိပ် ပညာရေးနှင့် သင်ပြ နည်းပညာဒီပလိုမာသင်တန်း(Dip.EP) အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးပညာရေးဒီဂရီကောလိပ် ပညာရေးနှင့် သင်ပြ နည်းပညာဒီပလိုမာသင်တန်း(Dip.EP) အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး အောက်တိုဘာ ၃

          မကွေးတိုင်းဒေသကြီး မကွေးမြို့ မကွေးပညာရေးဒီဂရီကောလိပ် ပညာရေးနှင့် သင်ပြနည်း ပညာ ဒီပလိုမာသင်တန်း(Dip.EP) အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ လ ၃ ရက်နေ့နံနက် ၉ နာရီက မကွေးပညာရေးဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ နယ်မြေခံတပ်နယ်မှ တပ်မတော် အရာရှိများ၊ အဖွဲ့ဝင် ဝန်ကြီးများ၊ ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးပညာရေးဒီဂရီကောလိပ်သည် ၁၉၆၅ ခုနှစ် ဇွန်လ (၁)ရက်နေ့ မှာ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့မှာ အခြေစပြီး ဆရာအတတ်သင် ကျောင်းအဖြစ် ဖွင့်လှစ်ခဲ့ရာမှ ၁၉၉၆ ခုနှစ် မေလ (၁)ရက်နေ့မှာ မကွေးမြို့သို့ ပြောင်းရွှေ့ပြီး မကွေး ဆရာအတတ်သင်ကျောင်းအဖြစ် ပြောင်းလဲဖွင့်လှစ်ကြောင်း၊ ထိုမှတဆင့် ကျောင်းအဆင့်ဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့ရာ ယခု ၂၀၂၀ ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့မှာတွင် မကွေးပညာရေး ဒီဂရီ ကောလိပ်အဖြစ်သို့ ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ မကွေးပညာ ရေးဒီဂရီကောလိပ်အနေဖြင့် ပညာရေး တွင် အဓိကအခြေခံကျသော စွမ်းရည်ပြည့်ဝသည့် ဆရာ၊ ဆရာမလောင်းများကို နှစ်စဉ် မွေးထုတ် ပေးလျက်ရှိကြောင်း၊ အဓိကသင်တန်းများအနေနဲ့ ပုံမှန် သင်တန်း ၊ပညာရေးဘွဲ့သင်တန်း၊ ယခင် လုပ်ငန်းခွင် အကြိုမူလတန်း ဆရာအတတ်ပညာ သင်တန်း (PPTT)အမှတ်စဉ်(၁၁) ထိဖွင့်လှစ် ခဲ့ပြီး ယခုအခါ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP)အဖြစ် တို့မြှင့်ဖွင့်လှစ် ပေးနိုင်ခဲ့ ပါကြောင်း၊ ပညာရေးဆိုင်ရာ သင်ပြနည်းပညာဒီပလိုမာ သင်တန်းကို တက်ရောက်ခြင်းဖြင့် မြန်မာ့ ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို နားလည်မှု အားကောင်းလာစေပြီး သင်ရိုးညွှန်းတမ်း များ၏ အဓိကစံသတ်မှတ်မှုများကို သဘောပေါက် နားလည် လာကာ၊ ပညာရေးရည်မှန်းချက် များကို ဆရာ၊ ဆရာမများက စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဒီသင်တန်းမှာ မကွေးပညာရေးဒီဂရီကောလိပ်အနေဖြင့် ဝင်ခွင့်ဖြေဆိုသူများအနက် တက်ရောက်ခွင့် ရရှိသူ (၁၅၀) ဦးရှိပြီး တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် လူဦးရေ(၂၀၀၀)သာ ခေါ်ယူသည်ဟု သိရကြောင်း၊ ၂၀၂၅ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ စတင်ဖွင့်လှစ်ပြီး ပထမနှစ် ဝက်သင်တန်း (၂)လတွင် မူလတန်း ပညာရေးကို အထူးပြုသင်ယူလေ့လာပြီး လက်တွေ့တန်းပြ ဆင်းခြင်းလုပ်ငန်း (၁)လ ဆောင်ရွက်ရမည်ဖြစ်ကာ၊ ဒုတိယနှစ်ဝက်သင်တန်း(၂)လ ထပ်မံတက်ရောက်ပြီး အလယ်တန်း ပညာရေးအထူးပြုကို ဆက်လက်လေ့လာသင်ယူပြီး လက်တွေ့တန်းပြ ဆင်းခြင်းလုပ်ငန်း(၁)လ ဆောင်ရွက်ပြီးတဲ့အခါ ဒီပလိုမာသင်တန်း ပြီးဆုံးမှာဖြစ်ကြာင်း၊ သင်တန်းသား၊ သင်တန်းသူများကို မှာကြားလိုသည်မှာ ၂၁ ရာစု သင်ယူမှုပတ်ဝန်းကျင် အညွှန်း ဘောင်အရ ၂၁ ရာစု ကျောင်းသား များအတွက် လိုအပ်မည့် သင်ယူမှုရလဒ်များ ဖြစ်သည့် 5 C (စီ ငါးလုံး) ( Critical thinking, Communication, Collaboration,Creativity, Citizenship) ရရှိအောင် သင်ကြားကြရမှာက ဆရာ၊ ဆရာမတို့ရဲ့ တာဝန်ဖြစ်ပါကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ “နိုင်ငံတော် ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဆိုတဲ့ ဆောင်ပုဒ်အရ နိုင်ငံတော်အနေနဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေး ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်များကို တိုးမြှင့် သုံးစွဲလျက်ရှိကြောင်း၊ ဆရာ၊ဆရာမများရဲ့ သတ်မှတ်ဘွဲ့ အမျိုးအစား အလိုက် ချီးမြှင့်လျက်ရှိရာ ဒီပလိုမာ (တစ်သောင်း ကျပ်) ၊ မဟာဘွဲ့ (နှစ်သောင်းခွဲကျပ်)၊ ပါရဂူဘွဲ့ (သုံးသောင်းကျပ်) စသဖြင့် ချီးမြှင့်လျက်ရှိကြောင်း၊ ဒါ့အပြင် ပညာရေး ဒီဂရီကောလိပ်မှာ လက်ရှိပညာ ဆည်းပူးနေကြတဲ့ သင်တန်းသား၊ သင်တန်းသူ များကိုလည်း နိုင်ငံတော်မှ တစ်နေ့လျင် တစ်ဦး နှစ်ထောင်ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများကို မှန်ကန်သော အသိပညာနှင့် ကျွမ်းကျင်မှုများ ပြည့်စုံသည့် ဆရာကောင်း တစ်ယောက်ဖြစ်ရန်အတွက် ဆရာ့တတ် ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်(TCSF)ဖြင့် အကဲဖြတ်ခြင်းများပြုလုပ် ဆောင်ရွက်လျက်ရှိ ကြောင်း၊ Dip-EP မှ Dip-Ed , B.Ed,M.Ed,Ph.D ဘွဲ့ရများအဖြစ် “Life long Learners” တသက်တာသင်ယူသူများသဖွယ် အဆင့်ဆင့် ဆက်လက် ကြိုးစားသွားကြရမှာဖြစ်ပါကြောင်း၊ “ဆရာ” ဆိုတာ “ထာဝရကျောင်းသားကြီးများ” ဖြစ်၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နည်းပညာများကို စဉ်ဆက် မပြတ် လေ့လာဆည်းပူးကာ၊ မိမိရဲ့တပည့် များကို တတ်သိ ပညာရှင်များဖြစ်အောင် အနာဂတ်တွင် တိုင်းပြည် တာဝန်ကို ပခုံးပြောင်း ထမ်းဆောင်နိုင်မည့် နိုင်ငံ့သားကောင်း သမီးမွန်များ ဖြစ်အောင် ပြုစုပျိုးထောင်ရင်း မိမိ၏ အရည်အသွေး တိုးတက်မြင့်မားအောင် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။

          ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများက ပြည်ထောင်စုအင်အား၊ ပညာ့ပန်းေ၀ ဖန်ခါးမြေနှင့် ပညာရေးကောလိပ်ကျောင်း တေးသီချင်းများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး၊ ကပြဖျော်ဖြေ ခဲ့ကြသော အဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ ကြောင်းနှင့် မကွေးပညာရေးဒီဂရီကောလိပ်၌ ဖွင့်လှစ်သည့် ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာ သင်တန်း(Dip.EP)ကို (၁-၁၀-၂၀၂၅)ရက်မှ (၃၀-၁၁-၂၀၂၅) ရက်ထိ သင်တန်းသား သင်တန်းသူ (၁၅၀ )ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း