မကွေး စက်တင်ဘာ ၂၃
ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်း အစီအစဉ်ကို မကွေးတိုင်းဒေသကြီးအတွင်း အခြေခံ ပညာကျောင်းများတွင် ပြုလုပ်လျက်ရှိပြီး၊ ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက် ရေးအစီအစဉ်ဖြင့် KG ကျောင်းသား ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို စက်တင်ဘာလ ၂၃ ရက်နေ့နံနက်ပိုင်းက မကွေးမြို့ အထက(ခွဲ)ကန်သာ၌ ပြုလုပ်ရာ အာဟာရ ချက်ပြုတ်ကျွေးမွေးခြင်း အစီအစဉ် ဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာအောင်မြင့်ဦးနှင့် တိုင်းဒေသကြီးအခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးသည်။
အဆိုပါကျောင်းသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ရောက်ရှိစဉ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ကလေးငယ်များ အာဟာရပြည့်ဝမျှတဖို့က အဓိကအခြေခံအကျဆုံး လိုအပ်ချက်တစ်ခုဖြစ်ပြီး၊ ကလေးငယ်များ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေရန်၊ ကျောင်းနေအရွယ် ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးပြီး ပညာထူးချွန်ရန်၊ ကိုယ်ခံအားကောင်းပြီး ကူးစက်ရောဂါပိုးတွေ ဝင်ရောက်မှုမှ ကာကွယ် တားဆီးနိုင်ရန်နဲ့ ရောဂါဖြစ်ပွားလာလျှင်လည်း အင်အားကို အမြန်ပြန်လည် ဖြည့်တင်းပြီး နေကောင်းကျန်းမာစေရေးတို့အတွက် မျှတလုံလောက်သော အစားအစာကို အပြည့်အဝ စားသုံးနိုင်ရန် များစွာ လိုအပ်ကြောင်း ပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ် ကလေး များအာဟာရဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာသန် စွမ်းပြီး အာဟာရပြည့်ဝရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ် စေရေးအတွက် ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန်နှင့် မူလတန်း ကျောင်းသား၊ ကျောင်းသူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများ အတွက် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့မိသားစုများ၏ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်ပုံစံများ မြှင့်တင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ယခု (၂၀၂၅-၂၀၂၆) ပညာသင်နှစ်တွင် ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို KG ကျောင်းသား၊ ကျောင်းသူ စာရင်းကို အခြေခံပြီး မကွေးတိုင်း ဒေသကြီးအတွင်း မြို့နယ် (၂၁) မြို့နယ် ရှိ အခြေခံပညာကျောင်း (၂,၁၀၇) ကျောင်း၌ KG ကျောင်းသား၊ ကျောင်းသူ(၂၉,၅၀၂)ဦးအား ဆောင်ရွက်သွားမှာ ဖြစ်ပြီး ရန်ပုံငွေများကို လည်း ခွဲဝေချထားကာ၊ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။