မကွေး စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး(၂၆) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(တိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၈ ရက် ယနေ့ နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေး လေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သန်းနိုင်ညွန့်၊ တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်မြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ အမှတ်ပေးဒိုင်လူကြီး များ၊ အနုပညာရှင် ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများ၊ ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီများနှင့် ဝါသနာရှင်များတက်ရောက်ခဲ့ကြသည်။
ဦးစွာ ၂၀၂၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း တိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တရားသူကြီးချုပ် ဒေါ်မိမိမော်၊ မကွေး လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်သန်းနိုင်ညွန့်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးမိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ ၂ဝ၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်)ဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ တေးသံရှင် ဝိုင်းချစ်မှ ဖိတ်ခေါ် ပါရစေ မကွေးမြို့ တေးသီချင်းသီဆိုကာ အခြေခံပညာကျောင်းသူလေးများက ကပြဖျော်ဖြေ တင်ဆက်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့် အကျင့် စာရိတ္တမြင့်မားမှု ပိုမိုတိုးတက် ဖြစ်ထွန်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို အခြေခံသည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို ဆက်လက် သယ်ပိုး ထိန်းသိမ်း စောင့်ရှောက်မည့် မျိုးဆက်သစ်များ ပေါ်ထွန်းရေး၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် အနုသုခုမဂီတပညာဖြင့် တစ်တပ်တစ်အား ပါဝင် လက်တွဲ ဆောင်ရွက်ရေးစတဲ့ ဦးတည်ချက်များနဲ့ ကျင်းပပြုလုပ်မှာဖြစ်ပါကြောင်း၊ မကွေးတိုင်း ဒေသကြီး ကိုယ်စားပြုပြိုင်ပွဲဝင်များအနေနှင့်လည်း မိမိတို့ တိုင်းဒေသကြီးရဲ့ ဂုဏ်ကိုဆောင်နိုင်ရန် အတွက် စိတ်အားထက်သန်စွာ ကြိုးစားပါဝင် ယှဉ်ပြိုင်ကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်းနှင့် ဗဟိုအဆင့်ပြိုင်ပွဲမှာ အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရန် အတွက် တိုင်းအဆင့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ အသီးသီး မှ တာဝန်ယူဆောင်ရွက်ကြရသူများ အနေဖြင့် ရရှိထားကြသည့် အတွေ့ အကြုံ၊ အရည်အချင်းများကို အခြေခံ၍ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ထူးချွန်ထက်မြက် သူများကို ထိုက်တန်သည့်ဆုရရှိနိုင်ရန် ဝိုင်းဝန်းပံ့ပိုး ကြိုးစားဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မကွေးမြို့ ကျောင်းသား၊ ကျောင်းသူတယောအဖွဲ့မှ တိမ်တမန်၊ အလှကမ္ဘာမြေ တေးသီချင်းများ တီးခတ်ဖျော်ဖြေကာ၊ အခြေခံပညာကျောင်းသား၊ ကျောင်းသူနှစ်ဦးက နှစ်ပါးအက ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ မကွေးတိုင်းဒေသကြီး(၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီး တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကို စတင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။