မကွေး စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ဒေသတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးနှင့် သီးနှံစိုက် စွမ်းအား တိုးတက်မားရေးအတွက် မကွေးမြို့နယ် မကျီးကန်ကျေးရွာအုပ်စု ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို စက်တင်ဘာလ ၁ ရက် မွန်းလွဲပိုင်းက မကျီးကန်ကျေးရွာ ဓမ္မာရုံ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်သည်။
ဦးစွာ ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲကို ကျင်းပရာ အခမ်းအနားတွင် မကွေး တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မိမိတို့ တိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေး အခြေခံ သည့် တိုင်းဒေသကြီးတစ်ခု ဖြစ်သည်နှင့် အညီ ဒေသတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရန်နှင့် သီးနှံစိုက် စွမ်းအား တိုးတက်မားရေး ဆောင်ရွက်မည်ဆိုပါက ဒေသခံတောင်သူများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ စိုက်နည်းတို့ကို အခြေခံ၍ စိုက်ပျိုးမြေအားလုံး တစ်နှစ် သုံးသီးစိုက် ရရှိအောင်ဆောင်ရွက်ရန် အထူး လိုအပ်မည် ဖြစ်ကြောင်း၊ တောင်သူအများစုက ဒေသစွဲသီးနှံများထက် စီးပွားရေးအရ တွက်ခြေ ကိုက်သည့် သက်ယဉ် အထွက်ကောင်း သီးနှံများကို ရွေးချယ်၍ မျိုးကောင်းမျိုးသန့်များ စနစ်တကျ အသုံးပြုပြီး စိုက်ပျိုးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့စိုက်ပျိုးနိုင်မှသာ သီးနှံပေါ်ချိန် သီးနှံအထွက် နှုန်းတိုးတက်ကောင်းမွန်ပြီး ထွက်ရှိသော သီးနှံများမှာ ပြန်လည်ရောင်းချချိန် ဈေးကောင်းရရှိနိုင်မည် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်း နှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများတွက် စိုက်ပျိုးရေးဦးစီးဌာန၏ တောင်သူပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေမှု၊ တောင်သူစိုက်ပျိုးနည်းပညာပေးသင်တန်းများ စဉ်ဆက် မပြတ် ဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ခမ်းအနားသို့ တက်ရောက်လာသော မကျီးကန်ကျေးရွာနှင့် အုပ်စုအတွင်း ကျေးရွာများမှ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေ(ဆည်ရေ)ရရှိရေး၊ အခြေခံပညာအထက်တန်း ကျောင်းခွဲအား အဆင့်တိုးမြှင့်ပေးရေး၊ ကျေးရွာချင်းဆက်လမ်းများနှင့် ကျေးလက်ကုန်ထုန်လမ်းများ တိုးချဲ့ပြုပြင်ဆောင်ရွက်ပေးနိုင်ရေး၊ စိုက်ပျိုးရေ(ဆည်ရေ)ရရှိရန် ခက်ခဲသော ဒေသများ၌ မြေအောက် ရေတွင်းအား ဆိုလာစနစ် တပ်ဆင် အသုံးပြု ဆောင်ရွက်ပေးနိုင်ရေးနှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ စိုက်ပျိုးရေးစရိတ်ချေးငွေများ အဆင်ပြေချောမွေ့စွာ ထုတ်ချေးပေးနိုင်ရေး စသည့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာ ဌာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကျီးကန်ကျေးရွာ အုပ်စုအတွင်း မြို့နယ်ပြည်သူ့ဆေးရုံဆရာဝန်ကြီးများ ဦးဆောင်သော ဆေးကုသရေးအဖွဲ့ ကျန်းမာ ရေးဝန်ထမ်းများက ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆေးကုသမှုခံယူလျက်ရှိသော ပြည်သူများ အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားကာ၊ ဒေသခံများအား သက်သာ သောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။