မကွေး သြဂုတ် ၂၈
မကွေးတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံ ဇာတများ ရေရှည်တည်တံ့စေရေး၊ ရာသီဥတု မျှတရေး၊ သစ်တောသစ်ပင် စိုက်ပျိုးပြုစုထိန်းသိမ်း ခြင်းတွင် ဒေသခံပြည်သူများပူးပေါင်းပါဝင်လာစေရေး ရည်ရွယ်ချက်များဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲများကို ဆောင်ရွက်လျက်ရှိရာ၊ မကွေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ်၊ မိုးရာသီ(စတုတ္ထအကြိမ်) သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၈ နာရီအချိန်က မကွေးမြို့နယ် နံကပ်ကျွန်းကျေးရွာ အုပ်စု၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ် ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးတရားသူ ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်များ၊ အသင်းအဖွဲ့များ၊ မကွေးတက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်းနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားရာ တွင် နှစ်စဉ်နှစ်တိုင်း မိုးရာသီကာလတွေမှာ သစ်ပင်စိုက်ပျိုးပွဲတော်များကို မကွေးတိုင်းဒေသကြီး အစိုးရက ဦးဆောင်ပြီး တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ပျံ့ပျံ့နှံ့နှံ့ ကျင်းပပြုလုပ်လျက်ရှိ ကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း လူထုလှုပ်ရှားမှုအသွင်နဲ့ သစ်ပင်စိုက်ပျိုးပွဲတော်များကို၂၂-၅-၂၀၂၅ ရက်နေ့က မင်းဘူး-ပဒါန်း-အမ်း ကားလမ်း မိုင်တိုင်အမှတ်၊ ၇ မိုင် ၄ ဖာလုံ မှာ ပထမအကြိမ်၊ ၆-၆-၂၀၂၅ ရက်နေ့က အမှတ်(၅)စက်မှုသင်တန်းကျောင်းမှာ ဒုတိယအကြိမ်၊ ၂၈-၆-၂၀၂၅ ရက်နေ့က မကွေးတက္ကသိုလ်အရှေ့ဘက် အောင်စေတနာရပ်ကွက်တွင် တတိယအကြိမ် ဆောင်ရွက်ခဲ့ပြီး ဒီကနေ့ သစ်ပင်စိုက်ပျိုးပွဲကတော့ စတုတ္ထအကြိမ်မြောက် လူထုလှုပ်ရှားမှုအသွင်နဲ့ သစ်ပင်စိုက်ပျိုး ခြင်းဖြစ်ပါကြောင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး၊ မြေပေါ်သယံဇာတဖြစ်တဲ့ သစ်တောသစ်ပင် များ ပြန်လည်စိုက်ပျိုးထိန်းသိမ်းရေး၊ စိတ်ခံစားမှုကောင်းစေရန်အတွက် သဘာဝပတ်ဝန်းကျင် ကောင်းမွန် စေရေး သစ်တောသစ်ပင်များကို ပြည်သူလူထုက ပူးပေါင်းပါဝင် ဝိုင်းဝန်းထိန်းသိမ်းရန်နှင့် သစ်ပင်များတိုးချဲ့စိုက်ပျိုးသွားတာကို မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် အပူချိန်လျော့နည်းစေပြီး ရာသီဥတုမျှတ ကောင်းမွန်လာစေရန်၊ သဲကန္တာရဖြစ်ထွန်းမှုကို တားဆီးကာကွယ်နိုင်ရန်နဲ့ ဒေသခံ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ထာဝစဉ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ပါကြောင်း၊ ဒီကနေ့ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားမှာ အပူပိုင်းဒေသမျိုးရင်း သစ်မျိုး(၁၁)မျိုး၊ သစ်ပင်ပေါင်း (၁,၀၀၀)ကို လူထုလှုပ်ရှားမှုအသွင်နဲ့ စိုက်ပျိုးသွားမှာ ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရ အနေနဲ့ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်သာယာလှပစေရန်နဲ့ တိုင်းဒေသကြီးအတွင်း သစ်တော ဖုံးလွှမ်းမှု ဧရိယာတိုးတက် များပြားလာပြီး သစ်တောသယံဇာတများ ပေါများလာ၍ ဇီဝမျိုးစုံမျိုး ကွဲများ စုံလင်သော အပူပိုင်း ဂေဟစနစ် ပြန်လည်ကောင်းမွန် တည်တံ့လာအောင် သစ်တောစိုက်ခင်း အမျိုးမျိုး တည်ထောင် စိုက်ပျိုးခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ဒေသခံပြည်သူ အစုအဖွဲ့သစ်တော လုပ်ငန်းများ၊ သစ်တောပျိုးပင်များ အခမဲ့ ဖြန့်ဝေပေးခြင်း၊ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး စိုက်ခင်းများတည်ထောင်ခြင်း၊ စံပြတမာစိုက်ခင်း၊ အထူးစိမ်းလန်းစိုပြည်ရေးဇုန် စီမံကိန်း (Greening Complex Zone)၊ တစ်ရွာ ၂ ဧက၊ တစ်အိမ်ထောင် ကျွန်း ၃ ပင်၊ သစ်မာအပင် ၂၀ အစရှိတဲ့ စိမ်းလန်း စိုပြည်ရေးလုပ်ငန်းများကို သစ်တောဦးစီးဌာနနဲ့ စိမ်းစိုဦးစီးဌာနတို့အား အလေးထားဆောင်ရွက်ရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောသစ်ပင်စိုက်ပျိုး ထိန်းသိမ်းခြင်းဟာ အနာဂတ် မျိုးဆက်သစ်များအတွက် ရေရှည်သဘာဝ ရင်းနှီးမြှုပ်နှံမှ ဖြစ်သလို နိုင်ငံရဲ့ ကောင်းမွန်တဲ့ အနာဂတ် ကို တည်ဆောက်ခြင်းလည်း ဖြစ်ပါကြောင်း၊ “နှစ် ၂၀ တစ်ဝိုက် အချိန်ကိုက်၊ တို့စိုက်ခဲ့လျှင် အကောင်းဆုံးပင်၊ ခုချိန်စိုက်က နောက်မကျ၊ ဒုတိအကြိမ် အကောင်းဆုံးပ” ဟူသော ဆိုရိုးစကားနဲ့အညီ ယခုအချိန်ဟာ သစ်ပင်စိုက်ပျိုးရန် ဒုတိယအကြိမ် အကောင်းဆုံး အချိန်အခါ ဖြစ်တဲ့အတွက် အခု မိုးလရာသီမှာ ပြည်သူများအနေဖြင့် မိမိတို့၏ အသိစိတ်ဓာတ်ဖြင့် သစ်ပင်များ စိုက်ပျိုးသွားကြရန်နဲ့ စိုက်ပျိုးပြီးသစ်ပင်များကို ရှင်သန် အောင်မြင် ဖြစ်ထွန်းစေရန်အတွက် မိုးရာသီ မြေဆီစိုခိုက် အချိန်ကောင်းမှာ သစ်တောသစ်ပင်များစိုက်ပျိုးခြင်းကို တစ်နိုင်တစ်ပိုင်မှသည် စုပေါင်း၍ တက်ညီလက်ညီ အလေးထားပြီး အမျိုးသားရေးတာဝန်တစ်ရပ် အနေနဲ့ ဝိုင်းဝန်းပူးပေါင်း ပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ် ကဲမှု ဌာနချုပ်မှူး၊ တိုင်းတရားသူကြီးချုပ်၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့၊ မကွေးတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၈၀၀) ဦးဖြင့် တမာ(၂၅၀)ပင်၊ မယ်ဇလီ(၁၀၀)ပင်၊ ဆီးဖြူ(၁၀၀)၊ ဖန်ခါး(၂၀)၊ မန်ကျည်း(၁၅) ခရေ(၅၀)ပင်၊ ပိတောက်(၂၀၀)၊ တပြေဘူတ(၅၀)၊ မယ်ဇယ်(၆၀)ပင်၊ ရင်းမာ(၁၅၀)၊ သခွပ် (ဟင်းငုတ်) (၅)ပင် စုစုပေါင်း(၁၀၀၀)ပျိုးပင်တို့ကို ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန် ရည်ရွယ်၍ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းစိုက်ပျိုးခဲ့ကြပြီး၊ အဆိုပါဧရိယာအတွင်း သစ်ပင်စိုက်ပျိုး နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှု အားပေးခဲ့ကြ ကြောင်းသိရသည်။