မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဒေသတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးနှင့် သီးနှံစိုက် စွမ်းအားတိုးတက်မြှင့်မားရေး မင်းဘူး(စကု)မြို့နယ်ရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဒေသတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးနှင့် သီးနှံစိုက် စွမ်းအားတိုးတက်မြှင့်မားရေး မင်းဘူး(စကု)မြို့နယ်ရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မကွေး ဩဂုတ် ၂၄

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်မြှင့်မားရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ဩဂုတ်လ ၂၄ ရက် နံနက်ပိုင်းက ကျောက်စံကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။

          ဦးစွာ တွေ့ဆုံပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မိမိတို့ တိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးအခြေခံသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်သည်နှင့် အညီ ဆီထွက်သီးနှံများအပြင် စပါး၊ ပဲ၊ ပြောင်း၊ ဝါ နှင့် အခြားသီးနှံများကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရန် မျိုး၊ မြေ၊ ရေ၊ စိုက်နည်းတို့ကို အခြေခံ၍ စိုက်ပျိုးမြေအားလုံး တစ်နှစ် သုံးသီးစိုက် ရရှိအောင်ဆောင်ရွက်ရန် အထူးလိုအပ်မည်ဖြစ်ကြောင်း၊ တောင်သူအများစုက ဒေသစွဲသီးနှံထက် စီးပွားရေးအရ တွက်ခြေကိုက်သည့် အထွက်ကောင်း သီးနှံများကို ရွေးချယ်စိုက်ပျိုးသင့်ကြောင်း၊ မျိုးကောင်းမျိုးသန့် သုံးစွဲစိုက်ပျိုးနိုင်မှသာ သီးနှံပေါ်ချိန် အထွက်နှုန်းကောင်းမွန်ပြီး ထွက်ရှိသော သီးနှံများ ဈေးကောင်းရရှိနိုင်မည်ဖြစ်ကြောင်း၊ သက်ဆိုရာ ဌာနများကလည်း ဒေသခံတောင်သူများအတွက် သီးနှံစိုက်ပုံစံများ ချပြရှင်းလင်းဆွေးနွေးပြီး ကျေးရွာ၊ ဒေသလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်းရေး စသည်ဖြင့် ပြောကြားသည်။

          ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက စိုက်ပျိုးရေရရှိမှုနှင့် စိုက်ပျိုးမြေ အမျိုးအစားအပေါ် မူတည်၍ တောင်သူစိတ်ကြိုက် ဒေသနှင့် ကိုက်ညီသော သီးနှံစိုက်ပုံစံများဖြင့် စိုက်ပျိုးနည်းစနစ်မှန်ကန်စွာ စိုက်ပျိုးရေး၊ မျိုးကောင်း မျိုးသန့်များ စနစ်တကျ ရွေးချယ်သုံးစွဲသည့် အလေ့ကျင့်ကောင်းများရရှိရေးနှင့် မျိုးဖိုးကုန်ကျစရိတ် သက်သာ စေရန် ခေါင်သီးနှံများ ရွေးချယ်ရိတ်သိမ်းပြီး မျိုးကောင်းမျိုးသန့်ဖြစ်အောင် ကြိုတင်စု ဆောင်းထားရှိရေး၊ သီးနှံစိုက်စိုက်ချိန် မြေဆီလွှာထိခိုက်ပျက်စီးမှုမှ ကာကွယ်ရန် သဘာဝမြေ ဆွေးများ ပြုလုပ်သုံးဆွဲရေးနှင့် ရောဂါပိုးမွှားကာကွယ်နှိမ်နင်းရေး စသည့် အကြောင်းအရာများကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဦးက မြို့နယ်အတွင်း ဆိုလာလျှပ်စစ်ရေတင်စီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် ဒေသခံတောင်သူ များအတွက် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများ၊ စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရေးနှင့် စိုက်ပျိုးရေကောင်မွန်စွာရရှိရေး တို့အတွက် လယ်ကြားမြောင်း များ စနစ်တကျ တူးဖော်သုံးဆွဲရေး၊ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေ ခက်ခဲသော နေရာဒေသများ၌ မြေအောက်ရေတွင်းများတူး ဖော်ပြီး ဆိုလာတပ်ဆင်အသုံးပြုနိုင်ရန် နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေမှ အတိုးနှုန်းသက်သာသော ချေးငွေများဖြင့် လုပ်ငန်းများ လည်ပတ် ဆောင်ရွက်ပေးနေမှု အခြေအနေများ စသည့် အကြောင်း အရာများကို ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍ ကျောက်စံ၊ မန်းကောက်၊ မန်းကျိုး၊ ရွာသစ်ကုန်း၊ ကုလားပါး၊ ကန်သစ်၊ ကျေးရွာတို့မှ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေ(ဆည်ရေ)ရရှိရေး၊ ကုန်ထုန်လမ်းများ ပြုပြင် ဆောင်ရွက်ပေးနိုင်ရေးနှင့် ဒေသတွင်း လျှပ်စစ်ရေတင်စီမံကိန်းအသစ်များ တိုးချဲ့ပြီး အကောင် အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး စသည့် တင်ပြမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ အဆိုပါ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ရွာခွဲတာဝန်ခံများထံ ရုပ်သံလွှင့်စက်များနှင့် အ.ထ.က(ခွဲ) ကျောက်စံကျောင်း အတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ်စိုက်ပျိုးဦးစီးဌာနမှ ခင်းကျင်းပြသထားသော တောင်သူနည်းပညာပေးပြခန်းကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း