မကွေး ဩဂုတ် ၁၅
မကွေးတိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ နယ်မြေခံတပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ တိုင်းဒေ သကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက် ခဲ့ကြသည်။
ဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦး အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ မကွေးတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်မှုအကောင်အထည် ဖော်ရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပန်းပွားအဖွဲ့များအား ဂုဏ်ပြုငွေများချီးမြှင့်ကာ၊ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်တွင်းကြီးမြို့နယ်မှ ပန်းချီပညာ ရှင်များနှင့် ကျောင်းသား/ကျောင်းသူများ၏ ပန်းချီလက်ရာပြခန်း၊ ဌာနဆိုင်ရာ ပြခန်းများ၊ စာအုပ် အရောင်းဆိုင်များ၊ ဒေသထွက်ကုန်ပစ္စည်းနှင့် ရိုးရာအိုးလုပ်ငန်းပြခန်းများ၊ Mytel ပြခန်း၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လှပသာယာပြည် မြန်မာရောင်စုံဓာတ်ပုံ ပြဘုတ်များကို လှည့်လည်ကြည့်ရှုအားပေးပြီး၊ ကာယစွမ်းရည်ပြိုင်ပွဲများ ဖြစ်သည့် အရုပ်ဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက်ဝိုင်းလှည့်ပြိုင်ပွဲ၊ ဘဲရုပ်စွပ်ပြိုင်ပွဲနှင့် ခါးလှည့်ပြိုင်ပွဲများတွင် ကျောင်းသား/ ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွဲနေမှုများကို ကြည့်ရှုအားပေးကာ၊ တက်ရောက်လာသည့် ကျောင်း သား/ကျောင်းသူများအား အာဟာရဖြည့် အစားအစာနှင့် ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့် ခဲ့သည်။
ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပေလေးပင်ခန်းမတွင် အစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ တောင်တွင်းကြီးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့် သီဆို ဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားရာတွင် မိမိတို့ နိုင်ငံအနေဖြင့် ပညာနှင့်ပတ်သက်ပြီး လိုအပ်ချက်များရှိနေခြင်းကြောင့် ပညာဗဟု သုတပြည့်စုံ ကြွယ်ဝရေးအတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်နိုင်သည့် ကျောင်းစာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အနာဂတ်အတွက် အားထားရမည့် သားကောင်းရတနာများ အနေဖြင့် ကာယ၊ ဉာဏ၊ မိတ္တ၊ စာရိတ္တနှင့် ဘောဂဆိုသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငယ်စဉ်ကပင် စာအုပ် /စာပေကောင်းတွေကို ဖတ်ရှု လေ့လာကြရန်လိုအပ်ကြောင်း စာအုပ်/စာပေ ဆိုသည်မှာ မည်မျှနှစ် ကာလကြာမြင့်သည်ဖြစ်စေ မဖတ်ရှုသေးပါက အသစ်ပင်ဖြစ်၍ မိမိအတွက် အသိပညာဗဟုသုတများ ပေးစွမ်းနိုင်ကြောင်း၊ မိမိတို့ဖတ်ရှုမှတ်သားခဲ့သည့် အသိဉာဏ်ပညာ ဗဟုသုတများကို အချင်းချင်း လက်ဆင့်ကမ်းမျှဝေကြမည်ဆိုပါက ကောင်းမွန်သည့် လူ့ဘောင် အသိုက်အဝန်းကို ထူထောင်နိုင်မည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် မကွေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများဖြင့် ဖွဲ့စည်းထားသည့် Violin group က တယောတီးမှုတ်၍ ဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လည်းကောင်း၊ အလယ်တန်းအဆင့် ပန်းချီ/ပိုစတာပြိုင်ပွဲတွင် ဆုရရှိသူများအား မကွေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က လည်းကောင်း၊ မူလတန်း အဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်း သိန်းကလည်းကောင်း၊ အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း(Never Stop Learning Talk Show)တွင် ပါဝင်ဆွေးနွေး ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးမျိုးမြင့်က လည်းကောင်း ဆုများအသီသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ အထက်တန်းအဆင့် ကျပန်းစကား ပြောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကျောင်းသားက ပြန်လည် သရုပ်ပြယှဉ်ပြိုင်ခဲ့သည်။
#ယင်းနောက် တောင်တွင်းကြီး UAZL ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်း သူ လေးများက “ရွှေမိုးတွေရွာ” သီးချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ဇီးတော)မှ ကျောင်းသား/ကျောင်းသူလေးများက“ဖန်ခါးမြေမှ ကြိုဆိုပါ၏” သီချင်းဖြင့် လည်းကောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “ထာဝရသစ္စာ” သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(အ.လ.က-၃)မှ ကျောင်းသား/ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့သည်။
ယနေ့ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်တွင် ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် Game ကစားပြိုင်ပွဲများ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများ ဖြစ်သည့် ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီ/ပိုစတာပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများအပြင် မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးကို ဖော်ကျူးသည့် စာရေးဆရာ မြသန်းတင့် ရေးသားခဲ့သော “ ဧကရီဖွားစော” စာအုပ်အပေါ် ကျောင်းသား/ကျောင်းသူများက အမြဲမပြတ်လေ့လာ သင်ယူရေး Talk Show အစီအစဉ်များ ဆောင်ရွက်ခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တောင်တွင်းကြီးမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။