မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅-၂၀၂၆ ခုနှစ် GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော မိုးနှမ်းသီးနှံ စုပေါင်းရောင်းချပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅-၂၀၂၆ ခုနှစ် GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော မိုးနှမ်းသီးနှံ စုပေါင်းရောင်းချပွဲ အခမ်းအနား တက်ရောက်

မကွေး သြဂုတ် ၁၃

          မကွေးတိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ခုနှစ် GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော မိုးနှမ်းသီးနှံ စုပေါင်းရောင်းချပွဲ အခမ်းအနားကို သြဂုတ်လ ၁၃ ရက်နေ့နံနက်ပိုင်းက မကွေးမြို့ မြင့်မြတ်တော်ဝင် လယ်ယာထွက်ကုန် ရောင်းဝယ်ရေးစက်ရုံ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများ၊ GAP နှမ်း ဝယ်ယူမည့် ကုန်သည်လုပ်ငန်းရှင်များနှင့် လေ့လာရန်လာရောက်သည့် နေပြည်တော်ဒေသမှ တောင်သူများ၊ နှမ်းသီးနှံရောင်းချမည့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ GAP မိုးနှမ်းသီးနှံ စုပေါင်းရောင်းချပွဲ မုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ မြင့်မြတ်တော်ဝင် လယ်ယာထွက်ကုန်ရောင်းဝယ်ရေး စက်ရုံ အတွင်း GAP မိုးနှမ်းသီးနှံ စုပေါင်းရောင်းချပွဲ အခမ်းအနား ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးဟာ စိုက်ပျိုးရေးကိုအခြေခံတဲ့ တိုင်းဒေသကြီးဖြစ် တာနဲ့အညီ နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries) ဖွံ့ဖြိုးတိုးတက် မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေး ဦးစားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ သီးနှံစိုက်စွမ်းအား မြင့်မားရေးအတွက် သီးထပ်သီးညှပ် တိုးချဲ့စိုက်ပျိုးရေး၊ သီးနှံ ထုတ်လုပ်မှု မြင့်မားရေးအတွက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပြည်တွင်း စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ဒေသတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးဟာ စပါး၊ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ)၊ ပဲမျိုးစုံသီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံ(ဝါ၊ ကြံ)နဲ့ စားဖိုဆောင် သီးနှံ အပါအဝင် သီးနှံစုံ စိုက်ပျိုး ထုတ်လုပ်တဲ့ တိုင်းဒေသကြီးဖြစ်ပြီး သီးနှံများရဲ့ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် သီးထပ် သီးညှပ်များ စိုက်ပျိုးပြီး သီးနှံစိုက်စွမ်းအားနဲ့ သီးထပ်စွမ်းအားမြင့် မားရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်မှာ သီးနှံစုစုပေါင်းစိုက်ဧက သိန်း (၆၀)ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး ယခင်နှစ်ထက် ဧက (၃)သိန်း ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး၊ ယခုနှစ်မှာလည်း စိုက်ဧက စုစုပေါင်း (၆၅)သိန်းကျော် စိုက်ပျိုးနိုင်ရေး စီမံချက်ချ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရည်အသွေး ကောင်းသီးနှံတွေ စိုက်ပျိုးထုတ်လုပ်ဖို့အတွက် ဓါတ်မြေ ဩဇာများ၊ ဓါတုပိုးသတ်ဆေးများ စနစ်တကျ သုံးစွဲဖို့ လိုအပ်မှာဖြစ်ပြီး အလွန်အကျွံ အသုံးပြုပါက စားသုံးသူ အန္တရာယ်ဖြစ်စေခြင်း၊ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းပြီး ကမ္ဘာကြီးပူနွေးလာစေခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ကမ္ဘာ့စားသုံးသူ များရဲ့ လူနေမှုဘဝပုံစံတွေ ပြောင်းလဲလာခြင်းကြောင့် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေး ကောင်းမွန်တဲ့သီးနှံများ ထုတ်လုပ်ရေးအတွက် စိုက်ပျိုးရေး ဆိုင်ရာ နည်းစနစ်ကောင်းများ Good Agriculture Practices-GAP ဖြင့် စနစ်တကျ စိုက်ပျိုးထုတ်လုပ် ရေးဟာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ GAP ကို ကျင့်သုံးဆောင်ရွက်ရာမှာ စားသုံး သည့်အစားအစာများ အန္တရာယ်ကင်းရှင်းရေး၊ သီးနှံများရဲ့အရည်အသွေး ကောင်းမွန်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် ရေးနှင့် လုပ်သားများရဲ့ ကျန်းမာရေး၊ ဘေးအန္တရာကင်းရှင်းရေး၊ လူမှုဘဝသာယာ ရေးတို့ကို အဓိကထား ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ GAP စနစ်ကို ကျယ်ပြန့်စွာ အသုံးပြုပါက လယ်ယာထုတ်ကုန်များရဲ့ အရည်အသွေးတိုးတက်ပြီး စီးပွားရေးအကျိုး အမြတ် ရရှိစေမယ့်အပြင် သန့်ရှင်းလတ်ဆတ်တဲ့ စားသောက်ကုန်များ စားသုံးနိုင်မှာဖြစ်ပါကြောင်း၊ GAP စနစ်နဲ့ စိုက်ပျိုးထုတ် လုပ်တဲ့ သီးနှံများကို ယခုလို စုပေါင်းရောင်းချခြင်းဖြင့် ခိုင်မာတဲ့ဈေးကွက် ရရှိပြီး ဈေးကောင်းရကာ တောင်သူတစ်ဦးချင်းစီတိုင်း ဝင်ငွေတိုးတက်လာပြီး တောင်သူလယ်သမားများနဲ့ ဆက်စပ်သူလုပ်ငန်း ရှင်များအားလုံး ကြွယ်ဝချမ်းသာလာကြမှာ ဖြစ်ပါကြောင်းနှင့် လယ်ယာသီးနှံစိုက်ပျိုးရေးမှာ ပါဝင်ဆောင် ရွက်နေကြတဲ့ တောင်သူလယ်သမားများအပါအဝင် ပူးပေါင်းဆောင်ရွက်သူများ အားလုံး စိုက်ပျိုးရေး ဆိုင်ရာ နည်းစနစ်ကောင်းများကို ထိရောက်စွာ လက်တွေ့ အသုံးချ ဆောင်ရွက်ပေးခြင်း အားဖြင့် ဒေသစားရေရိက္ခာအတွက် ဘေးကင်းလုံခြုံ စိတ်ချရသော လယ်ယာထွက်ကုန်များ ရရှိ ဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

          ဆက်လက်GAP နှမ်း ဝယ်ယူမည့် ကုန်သည်လုပ်ငန်းရှင်များက မိတ်ဆက်ခဲ့ပြီး၊ ဈေးပြိုင် စနစ်ဖြင့် ဈေးနှုန်း အဆိုပြုခြင်းနှင့် ဈေးနှုန်းသတ်မှတ်ခြင်းများ ဆောင်ရွက်ကာ၊ ယနေ့ဝယ်ယူ ရောင်းချ ပွဲတွင် GAP မိုးနှမ်းသီးနှံအား နှမ်းနက် Grade A 260000/-ကျပ်၊ နှမ်းဖြူ Grade A 104000/-ကျပ်ဖြင့် ဈေးပြိုင် ဝယ်ယူရောင်းချခြင်းဖြစ်ပြီး၊ ဒေသခံတောင်သူများ နှမ်းသီးနှံရောင်းချနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှု၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ကို လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း