မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅-ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်း အမှတ် အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅-ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်း အမှတ် အခမ်းအနားသို့ တက်ရောက်

မကွေး သြဂုတ် ၁၂

          မကွေးတိုင်းဒေသကြီး ၂၀၂၅ - ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အခမ်း အနားကို သြဂုတ်လ ၁၂ ရက် ယနေ့နံနက် ၉ နာရီက မကွေးမြို့ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေး တပ်နယ်မှ အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်း/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မကွေးတိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ လူငယ်မောင်မယ်များနှင့် ဆုရကျောင်းသား/ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့် အမှာ စကားပြောကြားရာတွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရုံး မှ ထုတ်ပြန်ကြေညာထားသည့် ဆောင်ပုဒ်ကတော့- "Local Youth Actions For The SDGs And Beyond" “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ဆီသို့” ဆိုသည့်အတိုင်း လူငယ်သည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ် ဖြစ်သည့်အပြင် ၎င်းတို့တွင် စွမ်းအားကြီးပြီး စိတ်ဝင်စားမှုများစွာဖြင့် မတူကွဲပြားသော ပူးပေါင်းဆောင်ရွက်မှုများ၊ အတွေး အခေါ်များ၊ တီထွင်ဖန်တီး နိုင်စွမ်းအား၊ ဗဟုသုတနှင့် ရဲရင့်မှုများ ပြည့်ဝနေသည့်အတွက် လူငယ်များအား မှန်ကန်စွာ လမ်းညွှန် ပေးနိုင်မည်ဆိုပါက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာအောင် စွမ်းဆောင် ဖန်တီးပေး နိုင်မည်ကို ယုံကြည်ပါကြောင်း၊“ကမ္ဘာကြီး ပြောင်းလဲချင်ရင် လူငယ်တွေကို ပညာပေးပါ” ဆိုသည့် စကားအတိုင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ (SDGs)အောင်မြင်ရေးတွင် လူငယ်များ ၏ အခန်းကဏ္ဍသည် အဓိက အရေးကြီးသည့် ကဏ္ဍတွင် ပါဝင်သလို ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံက သဘောတူချမှတ်ခဲ့သော SDGs သည် ၂၀၃၀ ပြည့်နှစ်တွင် ဆင်းရဲမွဲတေမှု အဆုံးသတ်ရန်၊ ကမ္ဘာမြေ ကာကွယ်ရန်နှင့် ငြိမ်းချမ်းသာယာ သောလူ့ဘောင်ဆီသို့ ဦးတည်သည့် ရည်မှန်းချက် ပန်းတိုင်ကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင်လူငယ်များ၏ စွမ်းအားသည် အဓိက သော့ချက်ဖြစ်သည့်အတွက် လူငယ်များအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါ ကြောင်း၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုများ အဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင် ဆောင်ရွက်ရေး ဆိုသည့်အတိုင်း နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာတွင် ထိုနိုင်ငံ အတွင်း မှီတင်း နေထိုင်ကြသည့် လူငယ်များ အပါအဝင် ပြည်သူပြည်သား အားလုံး၏ အလုပ်လုပ်နိုင်မှု စွမ်းရည်၊ အသိဉာဏ်ပညာစွမ်းရည်များ လိုအပ်မှာ ဖြစ်သလို ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဆိုတဲ့ ဗလငါးတန်ပြည့်စုံသော လူငယ်များ၏ စွမ်းရည် သတ္တိ ရှိရန်လည်း အထူးလိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွင်း မှီတင်းနေထိုင် ကြသည့် လူငယ်များဟာ နောင်တစ်ချိန်တွင် နိုင်ငံ့ တာဝန်များကို ပုခုံးပြောင်းတာဝန်ယူ ဆောင်ရွက် ကြရမှာဖြစ်ပြီး လူငယ်များသည် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးနိုင်မည့်သူများ မျှော်လင့် ချက်များဆိုသည်မှာ သံသယ ဖြစ်စရာမရှိသည့် အပြင် (Young People are without doubt the hopes for a better future) ဆိုသည့် စကားအတိုင်း အနာဂတ် တိုင်းပြည်ကို လူငယ်များက ဦးဆောင်သွားကြရမည် ဖြစ်တဲ့အတွက် လူငယ်များ လမ်းမှန် ရောက်အောင် လူကြီးများက လမ်းပြပျိုးထောင် ပေးသွားကြရမှာ ဖြစ်ကြောင်း အနာဂတ်မှာ လူငယ်များ ၏ လက်ထဲတွင် လူကြီးများ၏ ရှင်သန်မှုက မှီခိုရမည်ဖြစ်သည့် အတွက် လူငယ်များ၏ အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်ကာ စွမ်းဆောင်ရည် မြင့်မားကြဖို့ အရေးကြီးပါ ကြောင်း၊ “ယနေ့လူငယ် နောင်ဝယ် လူကြီး” ဆိုသည့် အတိုင်း ယနေ့လူငယ်များ အနေဖြင့် မိမိတို့၏ ကိုယ်ပိုင် စွမ်းအားများကို အကျိုးရှိရှိ အသုံးပြုပြီး အုပ်ချုပ်ရေး၊ အခြေခံအဆောက်အအုံနှင့် ကုန်သွယ်ရေး ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိ သည့် နယ်ပယ်အသီးသီးတွင် စဉ်ဆက်မပြတ် တိုးတက် ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးနိုင်သည့် အနာဂတ် လူငယ်မောင်/မယ်များ ဖြစ်လာနိုင်ကြပါစေကြောင်း စသည်ဖြင့် ပြောကြားသည်။

          ဆက်လက်၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ၂၀၂၅-ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ပေးပို့သည့် သဝဏ်လွှာအား တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့် က ဖတ်ကြားသည်။

          ထို့နောက် မကွေးတိုင်းဒေသကြီးအတွင်း ပညာရည်ချွန် ထူးချွန်ဆု ရရှိသူများ၊ တိုင်းဒေသ ကြီး/ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆု ရရှိသူများနှင့် အပြည်ပြည်ဆိုင်ရာလူငယ်များ နေ့ အထိမ်းအမှတ် Micro မာရသွန်ပြိုင်ပွဲနှင့် စက်ဘီးစီးနင်းပွဲတို့တွင် ဆုရရှိသူများအား တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆုများ အသီးသီးချီးမြှင့်ပေးအပ်ကာ၊ ၂၀၂၅-ခုနှစ် အပြည်ပြည် ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက် Video Clip အား ပြသခဲ့ကြောင်း သိရှိရသည်။


နောက်ဆုံးရ သတင်း