မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီး ဦးတင့်လွင် တိုင်းဒေသကြီးပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အသိပေးရှင်းလင်းခြင်း အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီး ဦးတင့်လွင် တိုင်းဒေသကြီးပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အသိပေးရှင်းလင်းခြင်း အခမ်းအနား တက်ရောက်

မကွေး သြဂုတ် ၇

          မကွေးတိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကကျန်းမာရေးကဏ္ဍ တိုးတက်စေရေးအတွက် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အသိပေးရှင်းလင်းခြင်း အခမ်းအနားကို သြဂုတ်လ ၇ ရက် ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်စခန်း ကွပ်ကဲမှုဌာနချုပ်မှူး၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများမှ တာဝန်ရှိသူများ တက်ရောက်သည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက် (၂)ရပ်ဖြစ်တဲ့ လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင် ရေးနဲ့ လူတိုင်းရောဂါဘယကင်းရှင်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာမှာ ပြည်သူ့ ဆေးရုံတွေက ကျန်းမာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဌာနတွေက အခြေခံကျန်းမာရေးဝန်ထမ်း တွေရဲ့ အားထုတ်မှုနဲ့ ဝန်ဆောင်မှုတွေသာမက ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းတွေရဲ့ ဝန်ဆောင်မှု များဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာ ဖြစ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာတွေနဲ့ မြို့နေ လူတန်းစားတွေမှာ ဝေဒနာတစ်ခုခုခံစားရရင် ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများထက် ပြင်ပဆေးရုံ၊ ဆေးခန်းတွေမှာ ဦးစွာပြကြတာကို သတိပြုမိကြောင်း၊ ဒါကြောင့်မို့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေရဲ့ အရည်အသွေးမြင့်မားရေး၊ ဝန်ဆောင်မှု ကောင်းမွန်ရေးနဲ့ စည်းကမ်းလိုက်နာမှုရှိ ရေးဟာ အင်မတန်အရေးကြီးသလို တစ်ပြိုင်နက်တည်းမှာပဲ ပြည်သူ့ဆေးရုံများနဲ့ လိုအပ်သလို ပူးပေါင်းဆောင်ရွက်ကြဖို့လဲ အရေးကြီးကြောင်း၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေအနေနဲ့ ပြည်သူ တွေရဲ့ ကျန်းမာရေးကို ရှေးရှုလို့ အမြတ်အစွန်းကို ပဓာနမထားဘဲ သင့်တင့်တဲ့ ငွေကြေးကို ရယူပြီး အရည်အသွေးပြည့်မီတဲ့ ဆေးကုသဝန်ဆောင်မှုတွေ ပေးနိုင်အောင် ကြိုးစားကြဖို့လဲ သတိပေး တိုက်တွန်းလိုကြောင်း၊ ဆေးဆိုင်တွေ အနေနဲ့ လိုင်စင်ရဆေးဆိုင်များ ဖြစ်သည့်အားလျော်စွာ ဆေးဆိုင်လိုင်စင်ပါ စည်းကမ်း ချက်များကို လိုက်နာခြင်းမရှိဘဲ အရည်အသွေးမပြည့်မီတဲ့ဆေးဝါးများ ရောင်းချခြင်း၊ လိုင်စင်အရ ခွင့်ပြုသည်ထက် ကျော်လွန်၍ ဆေးဝါးများ ဝယ်ယူရောင်းချခြင်းတွေ မလုပ်ဖို့၊ ပြည်သူတွေအတွက် အန္တရာယ်ရှိတဲ့ ဆေးတွဲတွေ ရောင်းချခြင်း မလုပ်ကြဖို့လည်း မှာကြားလိုကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းမှာ ပုဂ္ဂလိကဆေးရုံ(၉)ရုံ၊ သားဖွားခန်း(၁)ခန်း၊ အထူးကုဆေးခန်း(၉၃)ခန်း၊ အထွေထွေရောဂါကုဆေးခန်း (၁၆၄)ခန်း၊ သွားနှင့် ခံတွင်းရောဂါ ကုဆေးခန်း(၆၈)ခန်း၊ ရောဂါရှာဖွေရေး(ဓာတ်ခွဲ) (၄၁)ခန်း၊ ရှောဂါရှာဖွေရေး(ဓာတ်မှန်) (၁၆)ခန်းနဲ့ ကျောက်ကပ်သွေးသန့်စင်ခြင်း လုပ်ငန်း(၄)ခုကို မကွေးတိုင်းဒေသကြီး ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီအနေဖြင့် စနစ်တကျ စိစစ်ခွင့်ပြုထားခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းလိုင်စင်မရှိတဲ့ လုပ်ငန်းတွေ မရှိစေရေးနဲ့ စနစ်တကျ လိုင်စင် လျှောက်ထားစေရေးကို ကော်မတီအနေနဲ့ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး၊ လိုင်စင်ရ ဆောင်ရွက်ဆဲ လုပ်ငန်းရှင်များအနေနဲ့လည်း ပုဂ္ဂလိကကျန်းမာရေး ဥပဒေနှင့် အညီ တည်ဆဲ ဥပဒေများ၊ နည်းဥပဒေ များ၊ စည်းမျဉ်း၊ စည်းကမ်းတွေကို တသွေမတိမ်း လိုက်နာကြဖို့လိုကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ ကျန်းမာရေး ကဏ္ဍဟာ အရေးကြီးတဲ့ ကဏ္ဍအဖြစ် ရှိနေပြီး၊ ပြည်သူအားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက် ရာမှာ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများဟာလည်း အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်တဲ့အတွက် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းရှင်များအနေနဲ့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းများ၊ လမ်းညွှန်ချက်များ၊ ညွှန်ကြား ချက်များကို လိုက်နာဆောင်ရွက်ပြီး ပြည်သူများ အားကိုးအားထားပြုရတဲ့ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများဖြစ်စေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ကောင်းမွန်တဲ့ဝန်ဆောင်မှုများ ပေးနိုင် ရေးတို့ကို အလေးထား ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

          ဆက်လက်၍ တက်ရောက်လာသည့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း တာဝန်ခံများက မိမိတို့ ဆေးရုံ၊ ဆေးခန်းများတွင် ဝန်ဆောင်မှုဆိုင်ရာများနှင့် လိုအပ်ချက်များအား အသီးသီး ဆွေးနွေး တင်ပြ ခဲ့ပြီး၊ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်ပြီး ဒုတိယပိုင်း အစီအစဉ်ကျင်းပရာ တိုင်းဒေသကြီးပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ-ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး၊ တိုင်းဒေသကြီးပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူများက အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း