မကွေး သြဂုတ် ၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဒေသတွင်း အသေးစားကုန်ထုန်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက် နေမိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းဖြင့် ဆောင်ရွက်သည့် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို သြဂုတ်လ ၅ ရက်၊ နံနက် ၉ နာရီခွဲအချိန်က မကွေးမြို့ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးမြို့နယ် ကျေးရွာ(၆)ရွာတို့မှ ဒေသခံ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းများသည် နိုင်ငံတော်က ချမှတ်ထားသော မူဝါဒများတွင် ပါဝင်သော MEME လုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို တစ်ဖက် တစ်လမ်းမှ အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး အတွင်း စီမံကိန်းကျေးရွာ(၂၁)ရွာ ဆောင်ရွက်ပြီးလုပ်ငန်ရှင်(၁၀၅)ဦး မွေးထုတ် ဆောင်ရွက်သွားမှာ ဖြစ်ပြီး၊ နိုင်ငံတော်အစိုးရအစီအစဉ်နဲ့ တိုင်းဒေသကြီး ဘတ်ဂျက် ရန်ပုံငွေမှ ခွင့်ပြုဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယနေ့မှာတော့ မကွေးတိုင်းမှ ဆောင်ရွက်ခဲ့တဲ့ စီမံကိန်း(၆)ခုတွင် စက်ချုပ်သင်တန်း (၂)ခုမှ ထူးချွန်သင်တန်းသူ(၁၀)ဦး၊ မော်တော်ဆိုင်ကယ်ပြင် သင်တန်းမှ ထူးချွန် သင်တန်းသား(၁၀)ဦး၊ စားသောက်ကုန်သင်တန်း(၂)ခုမှ ထူးချွန်သင်တန်းသူ (၁၀)ဦး စုစုပေါင်း(၃၀)ဦးအား လုပ်ငန်းသုံးပစ္စည်း များပေးအပ်တာဖြစ်ပါကြောင်း၊ ယခုထောက်ပံ့ပေး ခဲ့သော ရင်းနှီးမတည်ပစ္စည်းများဖြင့် ကိုယ်ပိုင် လုပ်ငန်းငယ်များကို ထူထောင်ပေးနိုင်ခဲ့သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း အလုပ်အကိုင်အခွင့် အလမ်းများနှင့် မိသားစုဝင်ငွေ တိုးပွားရေးကို များစွာ အထောက်အကူပြုစေမှာဖြစ်တာကြောင့် မိမိတို့ဒေသ၌ တတ်စွမ်းသည့် ပညာရပ်များကို အသုံး ချပြီး လုပ်ငန်းများ ရေရှည်လည်ပတ်ဖွံ့ဖြိုးတိုး တက်အောင် အားလုံးပူးပေါင်းကာ တက်ညီ လက်ညီဖြင့် ကြိုးစားလုပ်ဆောင်သွားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားကာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကိုယ်ပိုင်လုပ်ငန်း ထူထောင်မည့်သူများအား လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီး မှူးက အသေးစားကုန်ထုန်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးပွား ရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ခဲ့ပြီး၊ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းနှင့် အခမ်းအနား အပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လုပ်ငန်းသုံးပစ္စည်းများ ခင်းကျင်း ပြသထားမှုအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနက နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေမှ ခွင့်ပြု ငွေဖြင့် မကွေး ခရိုင်အတွင်း၌ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ကျေးရွာ(၆)ရွာမှ သင်တန်းသား၊ သင်တန်းသူ(၉၀)ဦးအား တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ၊ စက်ချုပ် နည်းပညာနှင့် ဆိုင်ကယ်ပြင်နည်းပညာများကို သင်ယူတတ်မြောက်ပြီး၊ လုပ်ငန်းထူထောင်မည့် သင်တန်းသား၊ သင်တန်းသူ(၃၀)ဦးအား လုပ်ငန်းသုံးပစ္စည်းများ ထူထောင် ပေးနိုင်ခဲ့၍ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကာ မိသားစုဝင်ငွေများ တိုးပွားလာမည် ဖြစ်ကြောင်း သိရသည်။