မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ(၇/၂၀၂၅) အစည်းအဝေး တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ(၇/၂၀၂၅) အစည်းအဝေး တက်ရောက်

မကွေး သြဂုတ် ၁

          မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၅) အစည်းအဝေးကို ဩဂုတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

          အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သည့်အတွက် စီးပွားရေးခိုင်မာ တောင့်တင်းရန်နှင့် အရည်အသွေးပြည့်မီသော ကုန်ထုတ်လုပ်မှုများ ဖွံ့ဖြိုးတိုးတက် အောင်လုပ်ဆောင်ရန် အရေးကြီးပါကြောင်း၊ မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံများ စိုက်ပျိုး ဖြစ်ထွန်းသည့် အဓိက တိုင်းဒေသကြီးဖြစ်သည့်အတွက် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုး ထုတ်လုပ် နိုင်ရန် လိုအပ်ပါကြောင်း၊ ဆီထွက်သီးနှံမှတစ်ဆင့် ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပမှ စားအုန်းဆီ တင်သွင်းမှုလျှော့ချနိုင်ရန် ပြည်တွင်းမှထွက်ရှိသော ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ပိုမို ထုတ်လုပ်ရေးအတွက် အရည်အသွေးပြည့်မီသော အဆင့်မြင့်ဆီစက်များ အသုံးပြုရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအနက် MSMEs လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် အညီ လုပ်ငန်းများကို ဆောင်ရွက်လာနိုင်မည်ဆိုပါက ဥပဒေက ခွင့်ပြုသည့် အခွင့်အလမ်းများကိုရယူနိုင်ပြီး ဈေးကွက်ယှဉ်ပြိုင် နိုင်စွမ်းများ တိုးတက်လာမည်ဖြစ်ကာ ၎င်းတို့၏ လုပ်ငန်းများလည်း ပိုမိုတိုးတက်လာမည်ဖြစ်သလို နိုင်ငံတော်အနေဖြင့်လည်း ကုန်ထုတ် စွမ်းအားများတိုးတက်ပြီး နိုင်ငံ၏ GDP ကို တိုးတက်စေမည် ဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများအနေဖြင့် တိုင်းဒေသကြီးအတွင်း ပြည်သူတို့၏ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီး ပေးရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ MSMEs လုပ်ငန်းများ နိုင်ငံတကာ အဆင့်မီ ဆောင်ရွက်နိုင်စေရေး၊ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်စေရေး၊ ဒေသခံ ပြည်သူ များ၏ အသိပညာ၊ အတတ်ပညာ၊ နည်းပညာများဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်ဦးချင်းဝင်ငွေ မြင့်မား တိုးတက်စေရေးအတွက် ကျရာကဏ္ဍများမှ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။

          ထို့နောက် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသို့ တင်ပြလာသည့် နိုင်ငံခြားသား စက်မှုလုပ်ငန်း ၁ ခုကို အတည်ပြုမိန့်ထုတ်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြပြီး၊ အဆိုပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၏ မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၀.၉၆၅ သန်း ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၉ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

          ဆက်လက်၍ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှု ပေးခဲ့သည့်လုပ်ငန်းများအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသည့် လုပ်ငန်း ရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ မကွေးမြို့နယ်စုပေါင်းရုံး (ဒုတိယထပ်) ၊ ပြည်တော်သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း