မကွေး ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၇/၂၀၂၅)ကို ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီက မကွေးမြိုနယ် စုပေါင်းရုံးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးရဲ့ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် သီးနှံစိုက်ပျိုးမှုစာရင်းတွင် ယာမြေစိုက်ရန်ကျန် ဧရိယာ (၃၆၂၈၇၇) ဧကရှိပြီး မင်းဘူးခရိုင်နှင့် ပခုက္ကူခရိုင်မှာ အများဆုံးဖြစ်တာ တွေ့ရှိရကြောင်း၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမှာ လယ်ယာကဏ္ဍကို အခြေခံသဖြင့် ကျေးလက်နေ ပြည်သူများ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်ရှိစိုက်ပျိုးနိုင်သော မြေများတွင် နှစ်သီး၊ သုံးသီး စိုက်ပျိုးနိုင်ရေး၊ လျာထားဧရိယာ ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင် အထွက်နှုန်း ရရှိရေးနှင့် ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြဖို့ တိုက်တွန်းပြောကြားလိုပါကြာင်း၊ မွေးမြူရေးကဏ္ဍအနေဖြင့် မကွေးမြို့နယ်၊ ရှားပင်လှ ကျေးရွာ အုပ်စု၊ ရှားပင်လှကျေးရွာအနီးရှိ ဥစားကြက်မွေးမြူရေးဇုန်တွင် ဆောင်ရွက်လျက်ရှိသည့် သမ အသင်းစုမှ ခြံ(၁)ခြံမှာ လုံးဝဆောင်ရွက်နိုင်ခြင်း မရှိသေးသဖြင့် အမြန်အကောင်အထည်ဖော် ဆောင်ရွက်စေရေးနှင့် မွေးမြူရေးဇုန်ကိုလည်း အောင်မြင်အောင် စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ တိုင်းဒေသကြီး၏ ပညာရေးကဏ္ဍအနေဖြင့် မကွေးတိုင်း ဒေသကြီးအတွင်း မြစ်ရေဝင်ရောက်မှုကြောင့် (၂-၇-၂၀၂၅)ရက်နေ့မှ စတင်၍ ယနေ့အထိ အခြေခံ ပညာကျောင်းပေါင်း(၃၇)ကျောင်း ပိတ်ထားရသည်ကို သိရှိရပြီး မြစ်ရေပြန်လည်ကျချိန်တွင် ကျောင်းသား/သူများ ပုံမှန်စာသင်ကြား နိုင်ရေးအတွက် ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်း ရေးလုပ်ငန်းစဉ်များအား အခြေခံပညာကျောင်းများတွင် ဆောင်ရွက်နိုင်ဖို့ကိုလည်း သက်ဆိုင်ရာ ဌာနများမှ ကြီးကြပ်၍ ဝိုင်းဝန်းဆောင်ရွက် ပေးကြစေလိုကြောင်းး၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၅)ရက် ကမ္ဘာဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား (ဗဟိုအဆင့်)တွင် ဂုဏ်ထူးဆောင် ပုဂ္ဂိုလ် များနှင့် ထူးချွန်ဆရာများကို စိစစ်ရွေးချယ် ဆုချီးမြှင့်ပေးမည်ဖြစ်ရာ မကွေးတိုင်းဒေသကြီးမှ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်များနှင့် ထူးချွန်ဆရာများ၏ အမည်စာရင်းနှင့် အချက်အလက် တောင်းခံခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အတွက် စနစ်တကျ အချက်အလက် မှန်ကန်စေရေး အလေးထားဆောင်ရွက်ပေးဖို့ ပြောကြားလိုကြောင်း၊ ယခုလို မိုးရာသီကာလတွင် ဖြစ်ပွားမှုများသော ရောဂါဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ နှီးနွယ်ဆက်စပ်ဌာနများ၊ အခြားသော ကျန်းမာရေးပညာ ပေးခြင်း၊ လူမှုရေးအဖွဲ့အစည်းများမှ ပြည်သူလူထုအား လှုံ့ဆော် စည်းရုံးခြင်း၊ ပြည်သူများ ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခြင်းများပြုလုပ်၍ (ဖုံး/ သွန်/ လဲ/ စစ်)စသည့် အခြေခံသွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးဆိုင်ရာလုပ်ငန်းများ ထိထိရောက်ရောက် ကြိုးစား ဆောင်ရွက်ရာမှာ ဌာနဆိုင်ရာ များအားလုံး၊ ပြည်သူများအားလုံးမှ တက်ကြွစွာပါဝင် ဆောင်ရွက်ပေးကြဖို့ လိုပါကြောင်း၊ ဒါမှသာ မိမိပတ်ဝန်းကျင်ရှိ ကျောင်းနေအရွယ် ကလေးငယ်များအပါအဝင် ပြည်သူများ အသက်ဆုံးရှုံးမှု မရှိစေဖို့ မိမိတို့ တာဝန်ကိုယ်စီဆောင်ရွက် ကြသည့် လူမှုအသိုက်အဝန်း ပတ်ဝန်းကျင်ဖြစ်အောင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်း မှာကြားလိုပါကြောင်း၊ တိုင်းဒေသကြီးအထွေထွေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ MEVM မဲပေးစက်များအား သက်ဆိုင်ရာ မြို့နယ်များအလိုက် ဖြန့်ခွဲဆောင်ရွက်လျက်ရှိရာ အဆိုပါ မဲပေးစက်များ သယ်ဆောင်ရာတွင် လုံခြုံရေးကျိုးပေါက်မှု ဖြစ်စဉ်များ မရှိစေရေး သက်ဆိုင်ရာ ဌာနများ စီမံကြီးကြပ် ဆောင်ရွက်သွားဖို့လိုကြောင်း၊ ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှု ဆိုင်ရာဥပဒေ အား(၁၈-၂-၂၀၂၅)ရက်နေ့တွင် အတည်ပြုပြဌာန်းပြီးဖြစ်၍ မိမိတို့ဌာနများတွင် ပုဂ္ဂလိကလုံခြုံရေးအဖွဲ့များ ငှားရမ်း ဆောင်ရွက်ထားရှိသော ကုမ္ပဏီ/အဖွဲ့အစည်း များအနေဖြင့် ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာ ဥပဒေနှင့် အညီ ခွင့်ပြုချက်လျှောက်ထားစေရေး အသိပေးပြောကြား ဆောင်ရွက်သွားရန် လိုအပ်သဖြင့် သက်ဆိုင်ရာဌာနများမှ ကြီးကြပ်ဆောင် ရွက်သွားဖို့ မှာကြားလိုပါကြောင်းနှင့် နိုင်ငံစီးပွား တိုးတက်ရေး၊ အခြေခံပြည်သူလူထု၏ စားဝတ် နေရေး သက်သာချောင်ချိရေးအတွက် မိမိတို့အနေဖြင့် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ကြဖို့၊ နိုင်ငံရေးသည် စီးပွားရေးမဟုတ်သော်လည်း စီးပွားရေးသည် နိုင်ငံရေးနှင့် နိုင်ငံ့အရေးပင်ဖြစ်၍ စီးပွားရေး အားကောင်းမှသာလျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေး အဘက်ဘက်မှ အားကောင်းလာမည်ဖြစ်သဖြင့် နိုင်ငံစီးပွားရေး အားကောင်းအောင် အားလုံးဝိုင်းဝန်း ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးမိုးမင်းသိန်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပမ်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ ဥပဒေချုပ် ဦးတင့်ဝေနှင့် ခေတ္တအတွင်းရေးမှူး ဦးမြင့်သန်းတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး ရှင်းလင်း ဆွေးနွေး တင်ပြခဲ့ကြပြီး၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနအကြီးအကဲများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ၊ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။