မကွေး ဇူလိုင် ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အသားတိုးဝက် မွေးမြူရေးခြံလုပ်ငန်း (၃)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ထားရှိရာ အဆိုပါမွေးမြူရေးခြံလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုနှင့် အောင်မြင်ဖြစ် ထွန်းနေမှု အခြေအနေများကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အတူ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများက ဇူလိုင် ၂၇ ရက် ယနေ့နံနက်ပိုင်းက ပိုက်သင်ကျေးရွာသို့ သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်တာဝန်ရှိသူများသည် မင်းဘူး(စကု) မြို့နယ်၊ ပိုက်သင်ကျေးရွာ၊ ကွင်းအမှတ် (၁၄၂၈)ရှိ ယာမြေ၌ ခြံပိုင်ရှင် ဦးမြတ်လင်းဦး၏ မွေးမြူရေး ခြံလုပ်ငန်းခွင်သို့ ရောက်ရှိပြီး၊ မွေးမြူရေးခြံအတွင်း၌ စီးပွားဖြစ် အသားတိုးဝက် အကောင်ရေ(၁၂၀) မွေးမြူထားရှိမှု၊ အသားတိုးဝက် မျိုးခြံ၌ဝက်အကောင်ရေ (၄၈)ကောင် မွေးမြူ၍ သားဖောက်ခြင်း လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု၊ အသားတိုးကြက်ခြံ၌ ကြက်သားပေါက် အကောင်ရေ (၂၅၀၀)အား အနွေးဓာတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဒေသရင်း မျိုးစိတ် (ဒေသကြက်) အကောင်ရေ(၇၀၀) မွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ မွေးမြူရေးခြံလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က မွေးမြူရေးခြံလုပ်ငန်းများအနေဖြင့် မွေးမြူရေးခြံလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာ၌ မျိုးကောင်း မျိုးသန့် သားပေါက်အကောင်ငယ်များကို ပြင်ပမျိုးသန့်ခြံများမှ မှာယူ၍ စီးပွာဖြစ် မွေးမြူနေသကဲ့သို့ မိမိတို့ဒေသအတွင်း၌ ကိုယ်တိုင်ကိုယ်ကျ သားဖောက်ပြီး ဒေသရင်းမျိုးစိတ်များအဖြစ် အဆင့်မြှင့်တင် ၍ စနစ်တကျ မွေးမြူထုတ်လုပ်နိုင်ရေး အားထုတ်ကြိုးပမ်းပြီး လုပ်ကိုင် ဆောင်ရွက်သွားကြစေလို ကြောင်း၊ ထိုသို့ဆောင်ရွက်မည်ဆိုပါက တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ဒေသတွင်းမွေးမြူရေး ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် တတ်စွမ်းသ၍ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး မွေးမြူရေးခြံလုပ်ငန်းပိုင်ရှင်ထံ ခြံသုံးဆေးနှင့် အကျိုးပြုအနုဇီဝဖျော်ရည် ဖြန်းဆေးများ ပေးအပ်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဒေသတွင်း မွေးမြူရေးကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သား၊ ငါးကဏ္ဍ ဖူလုံပေါများစေရန် စီးပွားဖြစ် အသားတိုးဝက် မွေးမြူရေး ခြံလုပ်ငန်း (၃)ခုကို ခြံလှောင်မွေးမြူရေးစနစ်ဖြင့် အကောင်အထည်ဖော် မွေးမြူဆောင်ရွက် ထားရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ထို့အပြင် စီးပွားဖြစ် အသားတိုးကြက် မွေးမြူရေးခြံ လုပ်ငန်း ပေါင်း(၉၈)ခုမှ တစ်ကြိမ်လျှင် ကြက်အကောင်ရေပေါင်း (၂၄၅၀၀၀)နှင့် ဒေသရင်းမျိုးစိတ် (ဒေသကြက်) မွေးမြူရေးလုပ်ငန်းပေါင်း (၇)ခုမှ တစ်ကြိမ်လျှင် ကြက်အကောင်ရေ (၈၇၀)တို့အား စနစ်တကျ မွေးမြူပြီး ဈေးကွက်သို့ ဖြန့်ဖြူးပေးလျက်ရှိကာ ယခုအခါ အဆိုပါလုပ်ငန်းများ အဆင်ပြေလျက် ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။