မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအား ဩဝါဒစကားပြောကြားခြင်းနှင့် အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအား ဩဝါဒစကားပြောကြားခြင်းနှင့် အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနား တက်ရောက်

မကွေး ဇူလိုင် ၂၆

          ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအား ဩဝါဒစကားပြောကြားခြင်းနှင့် အောင်နိုင်ရေးအလံပေး အပ်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ မကွေးတိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အားကစား အောင်နိုင်ရေးကော်မတီ အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်းမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစား သမားများ တက်ရောက်သည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဩဝါဒစကား ပြောကြားရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို မကွေးတိုင်းဒေသကြီး ကိုယ်စားပြုပြီး ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့သို့ သွားရောက် ယှဉ်ပြိုင်ကြမည့် ပိုက်ကျော်ခြင်းအသင်းကို စိတ်ဓါတ်ခွန်အားများ ပေးနိုင်ရန်အတွက် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြုလုပ်ပေးသော အောင်နိုင်ရေးအလံပေး အပ်ပွဲအခမ်းအနား ဖြစ်ပါကြောင်း၊ လက်ရွေးစင်လူငယ် မောင်/မယ်များ အနေဖြင့် လမ်းမှား မရောက်ဘဲ အားကစားကို စိတ်ပါဝင်စားစွာဖြင့် ပါဝင်ယှဉ်ပြိုင်လာပြီး တိုင်းဒေသကြီးကိုယ်စားပြု လက်ရွေးစင်အဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် မောင်တို့/ မယ်တို့ ကိုယ်စားများစွာ ဂုဏ်ယူရပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် နောင်တစ်ခတ်ရဲ့ ခေါင်းဆောင်တွေ ဖြစ်လာမဲ့ နိုင်ငံရဲ့ လူသား အရင်းအမြစ် လူငယ်လူရွယ်တွေ ကျန်းမာသန်စွမ်းပြီး အမိနိုင်ငံကို ချစ်မြတ် နိုးစိတ်ဖြစ်ပေါ်ကာ “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်တည်ဆောက်နေခြင်း ဖြစ်သည်” ဟူသော အားကစားဆောင်ပုဒ်အတိုင်း ခံယူချက်တွေ မြင့်မားခိုင်မာလာမှာ ဖြစ်ပါကြောင်း၊ မောင်တို့/ မယ်တို့ အနေနဲ့လည်း မိမိတို့ တိုင်းဒေသကြီး၏ ဂုဏ်သိက္ခာမြင့်မားမှုကို အားကစားဖြင့် ဖော်ထုတ်ပြသနိုင်ရန်အတွက် အားသွန်ခွန်စိုက် ကြိုးစားစခန်းသွင်းလေ့ကျင့် ဆောင်ရွက်ခဲ့ကြပြီး၊ ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင် ရမည့်အချိန်ကို ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် မိမိတို့ ကြိုးစားလေ့ကျင့် ခဲ့ကြသည့် အတိုင်း ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် အနိုင်ယူ၍ မိမိ၏ အားကစားသမားဂုဏ်၊ မြို့နယ် ဂုဏ်၊ တိုင်းဒေသကြီးဂုဏ်ကို မြှင့်တင်ဆောင်ရွက်နိုင်သော ကစားသမားများဖြစ်အောင် ယှဉ်ပြိုင် ကစားကြစေလိုကြောင်း၊ အောင်မြင် မှုများ ရရှိပါကလည်း မိမိတို့တိုင်းဒေသကြီးအနေဖြင့် ဂုဏ်ပြု ချီးမြှင့်မှုများကိုလည်း ပြုလုပ်ပေးမှာ ဖြစ်ကြောင်း၊ တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်မည့် မောင်တို့/မယ်တို့ဟာ ငယ်ရွယ်သည့် မျိုးဆက် သစ်လူငယ်များ ဖြစ်သည့် အတွက် SPORTS ကို အဓိပ္ပါယ် ဖွင့်ဆိုထားသည့် S – Suppleness (ပျော့ပျောင်းမှု)၊ P - Politeness (ယဉ်ကျေးသိမ်မွေ့မှု)၊ O - Obedience (နာခံတတ်မှု)၊ R – Readiness (အဆင်သင့်ဖြစ်မှု)၊ T – Tackfull (ပါးနပ်လိမ္မာမှု)၊ S- Skill (ကျွမ်းကျင်မှု) ဆိုသည့် အားကစား၏ တစ်လုံးချင်း အဓိပ္ပါယ်များ အတိုင်း ပေါင်းစပ်ပြီး ပြိုင်ပွဲကိုဂုဏ်သိက္ခာရှိရှိ ဝင်ရောက် ယှဉ်ပြိုင်ကြဖို့ မှာကြားလိုကြောင်း၊ ပိုက်ကျော်ခြင်းကစားနည်းဟာ တစ်ဦးကောင်း တစ်ယောက် ကောင်း ကစားလို့ မရဘဲ တစ်ဦးချင်း အားကစားနည်း၏ အခြေခံကျေညက်မှုတွေကို အသုံးချကာ အသင်းလိုက် စည်းလုံး ညီညွှတ်မှု၊ တစ်ဦးနှင့် တစ်ဦး ချိတ်ဆက်မှု အစရှိသဖြင့် ပူးပေါင်း ဆောင်ရွက်မှုကောင်းမှသာ အောင်မြင်မှု ရရှိမှာ ဖြစ်ပါကြောင်းနှင့် မကွေးတိုင်းဒေသကြီးရဲ့ စည်းလုံးမှု အနိုင်မခံအရှုံးမပေးတဲ့ စိတ်ဓါတ်နဲ့ စည်းကမ်း ရှိမှုများကို ပြသကြရင်း မကွေးတိုင်းဒေသကြီးအတွက် တံခွန်စိုက်ဆုကြီးတွေ လက်ဝယ်ပိုင်ပိုင်ရရှိပြီး အားကစားဖြင့် တိုင်းဒေသကြီးဂုဏ်ကို မြှင့်တင်နိုင်သောသူများ ဖြစ်ကြပါစေ ကြောင်း တိုက်တွန်း ပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် အခြေအနေများအား တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးသန်းအောင်က ရှင်းလင်းတင်ပြကာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ် (၁,၄၅၀,၀၀၀/ိ-) (ဆယ်လေးသိန်း ငါးသောင်းကျပ်)အား ပေးအပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း