မကွေး ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် ရေနံမြေ သခင်ဖိုးလှကြီးဒိုင်း အလွတ်တန်း ဖိတ်ခေါ် ရှုံး/ထွက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်နေ့ ညနေပိုင်းက မကွေးတိုင်းဒေ သကြီး အားကစားကွင်း၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသ ကြီး ဥပဒေချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်သည်။
ဦးစွာ စစ်ကြောင်းမှူးမှ တန်းအပ်သတင်းပို့ခြင်း ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားရာတွင် ယခုပြိုင်ပွဲကို မကွေးတိုင်းဒေသကြီးဘောလုံး အားကစား အောင်မြင်ဖွံ့ဖြိုးတိုးတက်ရန်၊ မျိုးဆက်သစ် ဘောလုံးအားကစားသမားများ ပေါ်ထွက် လာစေရန်နှင့် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှုဖြစ်သည့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အဓိကကျသော မျိုးဆက်သစ် ဘောလုံး အားကစားသမားများ စဉ်ဆက် မပြတ်ပေါ်ထွန်းလာစေရေး၊ တိုင်းဒေသကြီးအတွင်း အဆင့်အတန်း မြင့်မားပြီး ပြိုင်ဆိုင်မှု ပြင်းထန် သော ပြိုင်ပွဲများ အဆက်မပြတ် ကျင်းပပေးခြင်းဖြင့် ပြိုင်ပွဲမှတဆင့် အတွေ့အကြုံကောင်းများ ရရှိပြီး အဆင့်မီသော ဘောလုံးအားကစား သမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်ကျင်းပ ပေးရခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် အစဉ်အလာကြီးမားခဲ့သည့် ချောက်ရေနံမြေ သခင်ဖိုးလှကြီး ဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ၁၉၇၀ ခုနှစ်မှ၍ ၂၀၁၉ ခုနှစ်အထိ စုစုပေါင်း (၂၄) ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး နောက်ပိုင်း ကျင်းပနိုင်ခြင်းမရှိတော့သည့်အတွက် ၂၀၂၄ ခုနှစ်မှစ၍ မိမိတို့ တိုင်းဒေ သကြီးအစိုးရအဖွဲ့အနေဖြင့် ပြန်လည်အသက်သွင်းခဲ့ပြီး ပြိုင်ပွဲဝင်အသင်း (၂၄) သင်းဖြင့် အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ရေနံမြေသခင်ဖိုးလှကြီးဒိုင်း အလွတ်တန်း ပြိုင်ပွဲကို ရှုံး/ ထွက်ပြိုင်ပွဲအဖြစ် ကျင်းပမှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု (၁) သင်း၊ မန္တလေးတိုင်း ဒေသကြီး ကိုယ်စားပြု(၄)သင်း၊ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု(၄)သင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ကိုယ်စားပြု(၁)သင်းနှင့် မကွေးတိုင်းဒေသကြီး ကိုယ်စားပြု (၂၁)သင်း စုစုပေါင်း(၃၂) သင်းပါဝင်ယှဉ်ပြိုင်လာတာ ဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ဘောလုံးအားကစားနည်းသည် နေရာဒေသမရွေး လူမျိုးမရွေး လူအများစုပေါင်းဖွဲ့စည်း၍ လွယ်ကူစွာကစားနိုင်သည့် ကစားနည်း ဖြစ်သလို တစ်ဦးကောင်း၊ တစ်ယောက် ကောင်းကစားရသည့် အားကစားနည်းမျိုး မဟုတ်ဘဲ အသင်းလိုက် စုစည်းပြီး တစ်ဦးနှင့်တစ်ဦး အချိတ်အဆက်မိမိ ယှဉ်ပြိုင်ကစားရသော အားကစားနည်း ဖြစ်ပါ ကြောင်းပြောကြားကာ၊ ၂၀၂၅ ခုနှစ် ရေနံမြေသခင်ဖိုးလှကြီးဒိုင်း အလွတ်တန်း ဖိတ်ခေါ် ရှုံး/ထွက် ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး အားကစား သမားများက သစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆို ကြသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့သည့် ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ပြီး၊ ပထမနေ့ ပွဲစဉ်အဖြစ် UYN - FC မကွေးမြို့မအသင်းနှင့် Glory Tropper - FC အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု အားပေးရာ UYN-FC မကွေးမြို့မအသင်းက သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
အဆိုပါပြိုင်ပွဲကို မကွေးတိုင်းဒေသကြီးအတွင်း စိတ်ဓာတ်၊ စည်းကမ်း ပြည့်ဝသော မျိုးဆက် သစ်လူငယ် ဘောလုံးအားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရေးနှင့် မြန်မာ့ အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးတို့အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီး ဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၄ ခုနှစ် ရေနံမြေ သခင်ဖိုးလှကြီးဖလား အလွတ်တန်း ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို မကွေးတိုင်းဒေသကြီးအပါအဝင် အခြားတိုင်းဒေသကြီးများမှ စုစုပေါင်း ဘောလုံး အသင်း(၃၂)သင်းက ဇူလိုင်လ ၂၁ ရက်နေမှ သြဂုတ်လ ၂၂ ရက်နေ့အထိ ပြိုင်ပွဲဝင် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ပထမဆုရရှိသော ချန်ပီယံအသင်းအား ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၁၀၀)နှင့် ဒုတိယဆု ရရှိသောအသင်းအား ငွေကျပ်(၇၅)သိန်း ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ပြီး၊ နေ့စဉ် ပွဲစဉ်အလိုက်အကောင်းဆုံးဆု Men of the Match(MOM)ဆုကို (၁)သိန်း၊ ဗိုလ်လု ပွဲစဉ်အဖြစ် ကျင်းပသည့်ပွဲတွင် အကောင်းဆုံးကစားသမားဆု (၅)ဆုကို(၁)ဆုလျှင် (၂)သိန်း ကျပ် ချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲကျင်းပစဉ် ကာလ ပြိုင်ပွဲဝင်အသင်းများအားလုံးကို ထောက်ပံ့မှုအဖြစ် မကွေးတိုင်းဒေသကြီးပြင်ပမှ လာရောက် ယှဉ်ပြိုင်ကြမည့် အဝေးသင်းများကို မိမိအသင်း ပွဲစဉ်နေ့တိုင်း ငွေကျပ် (၁၀)သိန်းနှုန်း၊ တိုင်းဒေသကြီး အတွင်းမှ လာရောက်ယှဉ်ပြိုင် ကြမည့် အနီးသင်းများကို မိမိအသင်း ပွဲစဉ်နေ့တိုင်း ငွေကျပ်(၅)သိန်းနှုန်းဖြင့် ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီး ဌာနမှ သိရသည်။