မကွေး ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၏ ကွန်ပျူတာ ကျွမ်းကျင်မှု Advanced Course (၁/၂၀၂၅)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၁ ရက် ယနေ့နံနက် ၉ နာရီက မကွေးမြို့နယ် စုပေါင်းရုံးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်း တက်ရောက်မည့် ဌာနဆိုင်ရာ ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သင်တန်းဟာ ဌာနဆိုင်ရာ ဝန်ထမ်းများ အတွက် ယခင်တက်ရောက် တတ်မြောက်ခဲ့ပြီးတဲ့ ကွန်ပျူတာအခြေခံ သင်တန်းများအပေါ် အခြေခံပြီး ပိုမိုခိုင်မာသည့် နည်းပညာနှင့် စွမ်းရည်များကို တိုးမြှင့်ပေးနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် သင်တန်း ဖြစ်ပါကြောင်း၊ သင်ကြားမည့် ပညာရပ်တွေဟာ ယနေ့ကာလ Digital Transformation, e-Government နှင့် Industry 4.0 ခေတ်သစ်အတွင်းမှာ တိုက်ရိုက်အသုံးပြုနိုင်မယ့် ပညာရပ်များ ဖြစ်ပါကြောင်း၊ အထူးသဖြင့် သင်တန်းသား/ သင်တန်းသူများအနေနဲ့ မိမိလုပ်ငန်းခွင်မှာ လက်တွေ့ အသုံးချနိုင်အောင် ဦးတည် သင်ကြားပေးသွားမှာဖြစ်ပြီး၊ ဌာနဆိုင်ရာဝန်ထမ်းများအား တစ်နှစ်လျှင် (၂)ကြိမ်၊ (၃)ကြိမ်ခန့် ယခုလိုသင်တန်းများကို ပုံမှန် ဖွင့်လှစ်ပေးခြင်းအားဖြင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ ကိုယ်ပိုင်စွမ်းရည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်သာမက၊ အဖွဲ့အစည်း၏ စွမ်းရည်မြှင့်တင်ရေးနှင့် တာဝန်ယူမှုအပိုင်းမှာ ပိုမိုတိုးတက်စွမ်းဆောင်နိုင်ဖို့ မျှော်လင့်ပြီး ဖွင့်လှစ်ပေးရခြင်းလည်းဖြစ် ပါကြောင်း၊ ကွန်ပျူတာပညာရပ်တွေကို တတ်မြောက်ထားခြင်းဟာ နယ်ပယ်များစွာရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို သိသိသာသာ အထောက်အကူဖြစ်စေပြီး အလုပ်အများစုကို စွမ်းဆောင်ရည် တိုးမြင့်စွာ ပြီးမြောက်နိုင်ကြောင်း၊ ဒေတာ၊ သတင်းအချက်အလက်နှင့် မာလ်တီမီဒီယာကို လွယ်ကူပြီး လက်လှမ်းမီသော နည်းလမ်းများဖြင့် ဖလှယ်နိုင် သည့်အပြင် ထိရောက်သော စီမံခန့်ခွဲမှုအတွက် မရှိမဖြစ်လိုအပ်သော ကိုယ်ရေး ကိုယ်တာ ကိစ္စရပ်များ၊ လုပ်ငန်းများ၊ အများပြည်သူဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်တဲ့ အချက်အလက်များစွာကိုလည်း သိမ်းဆည်းထားနိုင်မှာဖြစ်ပါကြောင်း၊ ယခုသင်တန်းဟာ မိမိလုပ်ငန်းခွင်အတွက် သာမက တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အခြေခံ ကျတဲ့အတတ်ပညာရပ်များ ပါဝင်တဲ့ သင်တန်းဖြစ်ပြီး၊ နည်းပညာ ကို လုပ်ငန်းခွင်မှာ စနစ်တကျ အသုံးချနိုင်ဖို့နဲ့ Digital Economy, Smart Government စသည့် အနာဂတ်ပန်းတိုင်များကို ရောက်ရှိဖို့ အထိ ရည်ရွယ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းများအနေနဲ့ ကွန်ပျူတာ အသုံးချ အခြေခံကျွမ်းကျင်မှုရှိပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တိကျမြန်ဆန်စွာ ဆောင်ရွက် နိုင်ဖို့လိုအပ်သလို ကွန်ပျူတာ အသုံးချ အခြေခံ ကျွမ်းကျင်မှုရှိတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ မွေးထုတ်ဖို့အတွက် ကွန်ပျူတာတက္ကသိုလ် အနေဖြင့်လဲ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လူ့စွမ်းအား အရင်းအမြစ် လိုအပ်ချက်တွေကို မိမိတို့ တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပံ့ပိုးကူညီ ဆောင်ရွက် ပေးဖို့လိုအပ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်ပေးတဲ့ ကွန်ပျူတာကျွမ်းကျင်မှု Advanced Course (၁/၂၀၂၅) သင်တန်းကို တက်ရောက်ကြမယ့် သင်တန်း သား/ သင်တန်းသူများအနေဖြင့် သင်တန်းက သင်ကြားလေ့ကျင့်ပေးမည့် အတတ်ပညာများကို လုပ်ငန်း ခွင်မှာ တိုက်ရိုက် အသုံးချနိုင်ပြီး မိမိကိုယ်တိုင် ကောင်းမွန်သော အနာဂတ်အတွက် ခိုင်မာတဲ့ အခြေခံတစ်ခုအဖြစ် ဖော်ဆောင်နိုင်မယ်ဆိုတဲ့ ခံယူချက်နဲ့ အလေးအနက်ထား ကြိုးစားလေ့လာ သင်ယူ လေ့ကျင့်သွားကြစေလိုကြောင်း ပြောကြားသည်။
ထိုနောက် မကွေးကွန်ပျူတာက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမျိုးမင်းသန်းမှ သင်တန်းတွင် ပိုချမည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ သင်တန်းအတွက် သင်ထောက်ကူ ပစ္စည်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးတို့က ပေးအပ်ရာ သင်တန်းသား(၂)ဦးက လက်ခံရယူခဲ့သည်။
အဆိုပါ သင်တန်းကို(၂၁-၇-၂၀၂၅) ရက်နေ့မှ (၁-၈-၂၀၂၅) ရက်နေ့အထိ ရက်သတ္တ(၂) ပတ် ကြာ ပို့ချသင်ကြား လေ့ကျင့်ပေးသွားမည်ဖြစ်ပြီး၊ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းသင်တန်းသား/ သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။