မကွေး ဇွန် ၁၆
မကွေးတိုင်းဒေသကြီး အရေးပေါ်အခြေအနေတုံ့ပြန်ခြင်းနှင့် မသန်စွမ်းသူများအတွက် အတား အဆီးမဲ့ ခရီးသွားလုပ်ငန်း(Barrier Free Tourism)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့ နန်းထိုက်သူဟိုတယ်၌ ကျင်းပရာမကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မကွေးဇုန်) ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဟိုတယ်/ မိုတယ် တည်းခိုခန်းများမှ ဝန်ထမ်းသင်တန်းသားများ တက်ရောက်ခဲ့ ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ဒီသင်တန်းဟာဆိုရင် မကွေးတိုင်းဒေသကြီးကို လာရောက်မယ့်ခရီးသွားများ၏ လုံခြုံမှု၊ ကျန်းမာ ပျော်ရွှင်မှုနှင့် သက်တောင့်သက်သာ ခရီးသွားလာနိုင်ရေး စာတွေ့၊ လက်တွေ့သင်ကြားပေးမဲ့ သင်တန်းတစ်ခု ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ခရီးသွားလုပ်ငန်းဟာဆိုရင် Covid ကဲ့သို့ ကပ်ရောဂါများ၊ ဆူနာမီကဲ့သို့ သဘာဝဘေးအန္တရာယ်များနှင့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များမှာ အကျိုးသက် ရောက်မှုနှင့် ထိခိုက်လွယ်ကူသော လုပ်ငန်းဖြစ်တာကြောင့် အရေးပေါ်အခြေအနေ ပြင်ဆင်ထားရန်နှင့် တုံ့ပြန်မှု အစီအစဉ်များ သိရှိလေ့ကျင့်ထားရန် လိုအပ်ပြီး၊ ခရီးသွားအခြေခံ အဆောက်အဦများဖြစ်တဲ့ ဟိုတယ်၊ စားသောက်ဆိုင်Shopping Mall များ ၊လည်ပတ်စရာနေရာများ ကိုလည်း ဘေးအန္တရာယ် ဒဏ်ခံနိုင်စေရန်အပြင် မသန်စွမ်းခရီးသွားများ အတားအဆီးမဲ့ ခရီးသွား လာနိုင်ရေးကြိုတင်စီမံ လုပ်ဆောင်သွားရမှာဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ဆိုရာမှာ ကြိုတင်မျှော် မှန်းလို့မရတဲ့ ငလျင်ဘေး၊ ရေဘေးစတဲ့ သဘာဝဘေးအန္တရာယ်များအပြင် လူတွေကြောင့်ဖြစ်ပေါ်တဲ့ မတော်တဆဖြစ်မှုများ၊ မီးဘေး၊ လျှပ်စစ်အန္တရာယ်၊ ဂတ်(စ်)ယိုစိမ့်ပေါက်ကွဲမှုများ၊ အကြမ်းဖက်မှုများ ပါဝင်ပါကြောင်း၊ ဒီလို ဘေးအန္တရာယ်ကိုကြုံတွေ့လာပါကလည်း လူ့အသက် ပစ္စည်းဥစ္စာဆုံးရှုံးမှုများ မဖြစ်ပေါ်စေဖို့နှင့် အနည်း ဆုံးဖြစ်စေရန် ကူညီကယ်ဆယ်ရေး၊ အရေးပေါ်ကုသရေး၊ သွားလာရေး လုပ်ငန်းများ အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ ယခုလို သင်တန်း ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးကို ပြည်တွင်း / ပြည်ပခရီးသွား ဧည့်သည် လာရောက်တည်းခိုမှုအနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ပြည်တွင်း(၅၉၄၄၆) ဦးနှင့် ပြည်ပ(၁၀၀၈)ဦး ဝင်ငွေ(၁၀၂၆.၄၅) သန်း ရရှိခဲ့ကြောင်း၊ မိမိတို့ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီမှ ဧည့်သည် ပိုမိုဝင်ရောက်ရေးနှင့် ဒေသခံများနှင့် ဧည့်သည်များ လုံခြုံစိတ်ချမှု ရှိစေရေးအလေးပေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မကြာသေးမှီက ခရီးသွား လုပ်ငန်းအလုပ်ရုံ ဆွေးနွေးပွဲကို မကွေးမြို့၊ မြို့တော်ခန်းမမှာ ခရီးသွား လုပ်ငန်းတွင် ပါဝင်သူအားလုံးဖြင့် ဆွေးနွေးခဲ့ပြီး ဖော်ထုတ်ရရှိခဲ့တဲ့ နှစ်အလိုက် လုပ်ဆောင်ရမယ့် လုပ်ငန်းများကိုလည်း တိုင်းဒေသကြီးမှ လိုအပ်တာ များပံ့ပိုးဆောင်ရွက် ပေးသွားမှာဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ကြမဲ့ ဟိုတယ်ဝန်ထမ်း သင်တန်းသားများအနေဖြင့်လည်း သင်တန်းဆရာများ သင်ကြားပေးမဲ့ Emergency Plan၊ First Aid၊ CPR ကူညီကယ်ဆယ်ရေး၊ ဆက်သွယ် ဆောင်ရွက်မှု နည်းလမ်းများ၊ မီးငြိမ်းသတ်နည်းများ၊ မသန်စွမ်းခရီးသွားဝန်ဆောင်မှု အစရှိတဲ့ ဘာသာရပ်များကို ကျွမ်းကျင်အောင် မှတ်သားလေ့လာ၍ လုပ်ငန်းခွင်မှာအကျိုးရှိစွာ အသုံးချနိုင်ဖို့နှင့် လူ့မှုအကျိုးပြု ဆင့်ပွားသင်တန်းများကိုလည်း ဆောင်ရွက်ဖို့မှာကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူးက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ၊ တိုင်းဒေသကြီး အရေးပေါ်အခြေအနေတုံ့ပြန်ခြင်းနှင့် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း (Barrier Free Tourism)သင်တန်းကို စတင်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ ဟိုတယ်/ မိုတယ် တည်းခိုခန်းများမှ သင်တန်းသားဝန်ထမ်း (၆၀)ဦး တက်ရောက်ခဲ့ပြီး၊ ယနေ့မှစ၍ (၆)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။