မကွေး ဇွန် ၁၂
မကွေးတိုင်းဒေသကြီး ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ ဆပ်ကော်မတီ(၈)ရပ်မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများမှ ပိုင်ရှင်/ မန်နေဂျာများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ILO Convention 182 အရ ကလေးအလုပ်သမား Child Labour ဆိုသည်မှာ ဥပဒေက ခွင့်ပြုထားသော အသက်အရွယ်ထက် ငယ်ရွယ်ခြင်း၊ ဥပဒေက ခွင့်မပြုထားသော အလုပ်အမျိုးအစားတွင် လုပ်နေရ ခြင်း၊ ဥပဒေက ခွင့်ပြုထားသော အသက်အရွယ်ရှိသော်လည်း လုပ်ကိုင်နေရသည့် အလုပ်အမျိုးအစား နှင့် သတ်မှတ်အလုပ်ချိန်တို့ကြောင့် အလုပ်လုပ်နေသည့် ကလေး၏ ပညာရေး သို့မဟုတ် ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ထိခိုက်စေခြင်းတို့ကို ဆိုလိုပါကြောင်း၊ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများဟာ လူ့စွမ်းအားအရင်းအမြစ် ဖြစ်သော ကလေးများအပေါ်တွင် များစွာမူတည်နေပြီး ကလေးသူငယ်များအား လုပ်ငန်းခွင်တွင် ဆောလျင်စွာ အသုံးပြုပါက ၎င်းတို့၏ ပညာသင်ကြားခွင့်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့လာ ဆည်းပူးခွင့် အခွင့်အရေးများ ဆုံးရှုံးနိုင်ပြီး အဖိုးတန်သော လူငယ်များ ဖြစ်စေရေးကို အတားအဆီး ဖြစ်စေနိုင်သည့်အပြင် နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်များကို ဆုံးရှုံးမှုများ ဖြစ်ပေါ်လာ နိုင်ကြောင်း၊ မြန်မာနိုင်ငံဟာဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက် အလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်း စဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေး ကြန့်ကြာမှုများ၊ အခက်အခဲ များ၊ အားနည်းချက်များ ရှိသော်လည်း ကလေးအလုပ်သမား လျော့နည်း ပပျောက်စေရေးအတွက် အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူကာ ရေရှည်ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ ကလေးအလုပ်သမား ဖြစ်ပေါ်လာရခြင်းဟာ မိသားစု စားဝတ်နေရေး အခက် အခဲကြောင့် အများဆုံးဖြစ်ပြီး၊ ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေး ဆောင်ရွက်ရာမှာ လုပ်ငန်းခွင်အတွင်းမှာရှိတဲ့ အလုပ်လုပ်ကိုင်နေတဲ့ ကလေးများကို ရှာဖွေဖော်ထုတ်ပြီး ဖယ်ရှား ပစ်ရုံဖြင့် ဆောင်ရွက်၍ မရသောကြောင့် နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ် ကလေးများအားလုံး အခမဲ့ပညာ သင်ကြားခွင့်စနစ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်ခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကလေးသူငယ်များ၏ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှ သာနိုင်ငံတော်၏ အနာဂတ်ကို ကောင်းမွန်စွာ ဖန်တီးပေးနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် မကွေးတိုင်း ဒေသကြီးအတွင်း ကလေးအလုပ်သမားများ လျော့နည်းစေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးလုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ(၈)ရပ်မှ အဖွဲ့ဝင်များ၊ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများမှ ပိုင်ရှင်/ မန်နေဂျာများ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ထိုက်တွန်းပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော် မတီ ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က ကမ္ဘာ့ကလေး အလုပ်သမား ဆန့်ကျင် တိုက်ဖျက်ရေး နေ့နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး၊ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူးမှ မကွေးတိုင်းဒေသကြီး ကလေး အလုပ်သမား ပပျောက်ရေးလုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ (၈)ရပ်တို့၏ လုပ်ငန်းဆောင်ရွက် နေမှုများအား ရှင်းလင်းပြောကြားကာ၊ တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ဒေါ်မိသန္တာမြင့်မှ ကလေးအလုပ်သမား ခိုင်းစေခြင်းနှင့် စပ်လျဉ်းသည့် မူဝါဒနှင့် ဥပဒေအကြောင်းအရာများအား အသိပညာပေး ဆွေးနွေးပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်း ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ဒေါ်ခင်သူဇာမှ အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပြောကြားကာ၊ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေး တင်ပြကာ၊ တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာလုပ်ငန်းကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။