မကွေး မေ ၂၂
မကွေးတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာ တများရေရှည်တည်တံ့စေရေး၊ ရာသီဥတု မျှတရေး၊ သစ်တောသစ်ပင် စိုက်ပျိုးပြုစုထိန်းသိမ်းခြင်း တွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်လာစေရေး ရည်ရွယ်ချက်များဖြင့်ဆောင်ရွက်လျက်ရှိပြီး မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို မေလ ၂၂ ရက် နံနက် ၇ နာရီအချိန်က ဆင်ခေါင်းကျေးရွာ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားရာတွင် ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်အနေနဲ့ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား များကို မိုးကြိုကာလ၊ မိုးဦးကာလများတွင် ကျင်းပဆောင်ရွက်ပေးနေခြင်းဟာ သစ်တောသယံဇာတ များ ရေရှည်တည်တံ့စေရေး၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာလှပရေးတို့အတွက် ပြည်သူလုထုက ပူးပေါင်းပါဝင် ဆောင်ရွက်မှုကိုမြှင့်တင်ပေးဖို့ ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါကြောင်း၊ သစ်တောသစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်စိမ်းစို သာယာလှပစေပြီး ဂေဟစနစ် တည်တံ့စေမည့် အကျိုးကျေးဇူးများစွာရရှိနိုင်မှာ ဖြစ်ပါကြောင်း၊ နိုင်ငံတစ်ဝှမ်းလုံး၌ သစ်တော၊ သစ်ပင်များ စိုက်ပျိုးတည်ထောင်ခြင်းအားဖြင့် ရာသီဥတု ပြောင်းလဲမှုများကို လျော့ကျလာစေမှာဖြစ်ကြောင်း၊ #သစ်ပင်စိုက်ပျိုးခြင်းအားဖြင့် ရာသီဥတုကို မျှတစေသည့်အပြင် မြေဆီလွှာတိုက်စားမှု လျော့ပါးသက်သာစေခြင်း၊ သားငှက် တိရစ္ဆာန်နှင့် ဇီဝမျိုးစုံ မျိုးကွဲများ အတွက် မှီခိုရာနေရာများ ရရှိစေခြင်း၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်စေခြင်း၊ ဂေဟစနစ်များကို ညီညွတ်မျှတစေကာ ပတ်ဝန်းကျင်းဆိုင်ရာ ကောင်းကျိုး များစွာ ရရှိစေနိုင်သည့်အတွက် ယခုနှစ် မိုးရာသီတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ သစ်ပင်းများစိုက်ပျိုးနိုင်ရန် တိုင်းဒေသ ကြီးသစ်တောဦးစီးဌာနက လူထုဖြန့်ပျိုးပြင်ပေါင်း ၅၆၆၆၈၇ ပင်ကို အခမဲ့ဖြန့်ဝေ စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ #သစ်ပင်စိုက်ပျိုးခြင်းဖြင့် ဇရပ် တန်ဆောင်း၊ ဂူ၊ ကျောင်း၊ ပြဿဒ် နှင့် အခြားထာဝရ ကုသိုလ်များကဲ့သို့ တူညီသော ကုသိုလ်၊ အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မှာ ဖြစ်ပါကြောင်း၊ သို့ပါ၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်နှင့်အညီ သစ်တော နယ်မြေအတွင်း သာမက သစ်တောမြေ ပြင်ပနေရာများမှာ သက်ဆိုင်ရာဌာန များ၊ ဒေသခံပြည်သူများက လမ်းဘေးဝဲယာ သစ်ပင်စိုက်ပျိုးခြင်း၊ တစ်အုပ်တစ်မ စိုက်ပျိုးခြင်း၊ မြို့ပြသစ်တောများ တည်ထောင်ခြင်း အားဖြင့် စိမ်းလန်းမြေ (Green space)များ တိုးပွားလာစေရေး အတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်းနှင့် သစ်တောသစ်ပင်များကို စိုက်ပျိုးထိန်းသိမ်း ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင် စိမ်းစိုသာယာလှပစေပြီး ဂေဟစနစ် တည်တံ့စေမည့် အကျိုးကျေးဇူး များစွာ ရရှိနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စိုက်ပျိုးမည့် ပျိုးပင်များကို ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများထံ အသီးသီးပေးအပ်၍ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် ပိတောက် ၊ ယင်းမာ၊ စိန်ပန်းနှင့် တမာပျိုးပင် စုစုပေါင်း ၁၀၃၅ ပင်ကို တက်ရောက်လာကြသူ များနှင့် အတူ စုပေါင်းစိုက်ပျိုးခဲ့ကြပြီး အဆိုပါဧရိယာအတွင်း သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည် ကြည့်ရှု အားပေးသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ကန်ရေ အမြဲတမ်း ပျိုးဥယျာဉ်နှင့် ရွှေတပင်အမြဲတမ်းပျိုးဥယျာဉ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ သစ်တော ဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပျိုးဥယျာဉ်နှစ်ခုတွင် ဘဏ္ဍာနှစ်အလိုက် နှစ်စဉ် ပျိုးထောင်ထားရှိမှု၊ သဘာဝပတ်ဝန်းကျင်း စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောများ တည်ထောင်၍ သစ်ပင်များစိုက်ပျိုးထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြမှုများ အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။