မကွေး ဧပြီ ၃၀
မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၅) အစည်းအဝေးကို ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် က မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အနေဖြင့် ခရီးစဉ်ဒေသ Tourist Site ဖြစ်စေရေး၊ ဝင်ငွေရရှိရေးတို့ကို ဆောင်ရွက်နိုင်ရန်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးတာဝန်များကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန် ၂၀၂၅ ခုနှစ်တွင် ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း၊ များမကြာမီ (၂၈.၃.၂၀၂၅)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားရစ်(ခ်)တာစကေး (၇.၇)အဆင့် မန္တလေး ငလျှင်ဒဏ်ကြောင့် မြန်မာနိုင်ငံရဲ့ အဓိကခရီးစဉ်များဖြစ်တဲ့နေပြည်တော် ၊ မန္တလေး၊ စစ်ကိုင်း၊ အင်းဝ၊ အင်းလေးတို့ရှိ ခရီးစဉ်ဒေသအခြေခံအဆောက်အဦများနှင့် ယဉ်ကျေးမှု အမွေအနှစ်အချို့ ထိခိုက် ပျက်စီးမှုများအတွက် လွန်စွာမှစိတ်မကောင်းဖွယ် ကြားသိခဲ့ရကြာင်း၊ မိမိတို့မကွေးတိုင်းအတွင်းရှိ ဟိုတယ်နှင့်ခရီးသွား အရင်းအမြစ်များ ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှု မရှိခဲ့တာတွေ့ရှိရကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်းမှလည်း ငလျှင်ဘေးဒဏ်ခံရသော ဒေသများ အတွက်အလှူငွေများ၊ သွေးရည် အိတ်များ ပေးပို့လှူဒါန်းခဲ့ပြီး သဘာဝဘေးအရေးပေါ် တုံ့ပြန်ရေးအဖွဲ့များအား စေလွှတ်ပေး ခဲ့ကြောင်း၊ ငလျှင်လှုပ်ခတ်မှုကြောင့် ပြည်တွင်းပြည်ပ ခရီးသွားလာမှုကို အနည်းငယ် အကျိုး သက်ရောက်မှု ရှိသော်လည်း သင်္ကြန်ကာလရုံးပိတ်ရက်များမှာ မိမိနေရပ် ဇာတိသို့ ပြန်ကြသည့် ခရီးသွားများနှင့် ဘာသာရေးခရီးစဉ် Religious Tour များ ပိုမိုသွားရောက်တာကိုလည်း မြင်တွေ့ ရကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် ခရီးသွားဝင်ရောက် တည်းခိုနေထိုင်မှုနှင့် ပတ်သက်၍ ၂၀၂၅ခုနှစ် ဇန်နဝါရီလမှ ယခုထိ ဧည့်သည်တည်းခိုမှု ပြည်တွင်း(၃၃၈၃၅)ဦး၊ ပြည်ပ (၄၃၆)ဦး ရှိခဲ့၍ ဝင်ငွေ (၅၆၀)သန်း ရရှိခဲ့ကြောင်း၊ ယခင် ၂၀၂၄ ခုနှစ် အလားတူကာလ ဧည့်သည်တည်းခိုမှု ပြည်တွင်း (၂၇၉၃၃)ဦး၊ ပြည်ပ(၅၄၉)ဦးရှိခဲ့၍ ဝင်ငွေ(၄၈၀)သန်းနှင့် နှိုင်းယှဉ်ပါက (၁၄%)တိုးတက်လာကြောင်း၊ ခရီးစဉ်ဒေသများဖြစ်တဲ့ မြသလွန်၊ မူလမြသလွန်၊ စက္ကိန်းတဲ၊ နဂါးပွက်တောင်၊ ဗိဿနိုး၊ မင်းလှခံတပ်၊ ကွေ့ချောင်းခံတပ် စလေရုပ်စုံ ကျောင်း၊ ဗိုလ်ချုပ်နေအိမ်ပြတိုက်၊ ဆင်စခန်းနှင့် ပခုက္ကူရှိ အထင်ကရ ဘုရားတို့ကို လာရောက်မှု အနေဖြင့်ဧည့်သည် (၂၈၇၇၉၀)ဦး ဝင်ရောက်ခဲ့ကြောင်း၊ ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် ဆောင်ရွက်မှု မှာ မမျှော်မှန်းနိုင်တဲ့ သဘာဝဘေးအန္တရာယ်များကိုလည်း ကြိုတင်စီမံ ခန့်ခွဲတုန့်ပြန်နိုင်ခြင်းနှင့် ခရီးသွားဧည့်သည်များ၏ လုံခြုံရေးအတွက် အစီအစဉ်များ ဆက်သွယ် ဆောင်ရွက်မှုနည်းလမ်းများနှင့် အားလုံးပူးပေါင်းပါဝင်သော ခရီးသွားလုပ်ငန်းစဉ်ဖြစ်စေရန် ကြိုတင် စီမံထားဖို့ အလေးထားမှာကြား လိုပါကြောင်း၊ မကွေးတိုင်းဒေသကြီးဟာ စိုက်ပျိုးရေးဖြစ်ထွန်းတဲ့ ဒေသဖြစ်တဲ့အတွက် Agricultural tourism ကိုလည်း အကောင်အထည်ဖော်ဆောင် ရွက်သွား စေလိုပါကြောင်း၊ မိမိတို့ဒေသဟာ ဖန်ခါး မြေဟု လူသိများသောကြောင့် ဖန်ခါးပင်များ စိုက်ပျိုးမှုနှင့် ဒေသထုတ်ကုန်များကိုလည်း အရည်အသွေး ပြည့်မှီကောင်းမွန်အောင် မြှင့်တင်ထုတ်လုပ်ရမှာဖြစ်တဲ့ အတွက် MSME လုပ်ငန်းများကို အားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရီးသွားဧည့်သည်များ မိမိတို့ဒေသသို့ လာရောက်ရာတွင် ဒေသရဲ့ စိုက်ပျိုးရေး လုပ်ငန်းများလေ့လာ နိုင်ခြင်း၊ သဘာဝ ရှုခင်းများနှင့် အိပ်စက်အနားယူနိုင်ခြင်း၊ ဒေသထွက် သီးနှံ အစားအသောက်များကို လတ်လတ် ဆတ်ဆတ် ဆွတ်ခူးစားသောက်နိုင်၍ အခြားလေ့လာရေး လှုပ်ရှားမှုများကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်းနှင့် ယခုလို ခရီးစဉ်သစ်များကို ဖန်တီးရာမှာ ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ အဖွဲ့ဝင် အားလုံးရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်ပေးသွားရမှာဖြစ်ပါ ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ခရီးသွားအခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရေး၊ မိမိတို့ တိုင်းဒေသကြီး အတွင်းရှိ ခရီးစဉ်ဒေသ အသီးသီးသို့ ဧည့်သည်အများအပြား ဝင်ရောက်မှုရှိစေရေး၊ ခရီးသွားများ လုံခြုံ စိတ်ချစွာသွားလာနိုင်ရေးတို့ကို ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ၏လမ်းညွှန်မှု၊ ကော်မတီ ဝင်များ၏ ပူးပေါင်းဆောင် ရွက်မှုတို့ဖြင့် ၂၀၂၅ ခုနှစ်မှာ မိမိတို့တိုင်းဒေသကြီးအတွင်း ခရီးစဉ် ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆက်လက်ကြိုးစား ဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်ပြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အတွင်းရေးမှူး ၊ ဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက (၁/၂၀၂၅)ကြိမ်မြောက် မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များ၊ မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ကျင်းပနိုင်ရေးကိစ္စရပ်များ၊ ဟိုတယ်လုပ်ငန်းလိုင်စင် အသစ်လျှောက်ထားမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ၊ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော် မတီအဖွဲ့ဝင်များမှ အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။