မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

(၇၈) နှစ်မြောက် ပြည်‌ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့နယ်၊ သံဘိုရွာသစ်ကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

(၇၈) နှစ်မြောက် ပြည်‌ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့နယ်၊ သံဘိုရွာသစ်ကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

မကွေး ဖေဖော်ဝါရီ ၅

          (၇၈)နှစ်မြောက် ပြည်‌ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေး မြို့နယ်၊ သံဘိုရွာသစ်ကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးအောင်သူဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်း တို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြ သည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် က အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မကွေးတိုင်းဒေသကြီး လူဦးရေရဲ့ ၈၃ ရာခိုင်နှုန်းခန့်ဟာ ကျေးလက်မှာ နေထိုင်သူများဖြစ်ကြပါတယ်၊ ဒါ့ကြောင့်လည်း နိုင်ငံတော်အစိုးရ အနေဖြင့် ကျေးလက်နေပြည်သူများရဲ့မြို့ပြနဲ့ ကျေးလက်ကွာဟမှုကျဉ်းမြောင်းလာစေရန်၊ အလုပ် အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်၊ မိသားစုဝင်ငွေတိုးပွားလာပြီး တပိုင်တနိုင် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ လုပ်ကိုင်လာနိုင်စေရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ ကျေးရွာများ အမြန်ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန် စီမံကိန်းများချမှတ်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ဒီကနေ့ ဖွင့်လှစ်ပေးလိုက်တဲ့ ကွန်ကရစ်လမ်းအပါအဝင် ကဏ္ဍအလိုက်ဆောင်ရွက်ပေး ထားတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့စေရန်အတွက် ကျေးရွာသူကျေးရွာသားများအားလုံး ပူးပေါင်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

          ဆက်လက်၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးက ဝန်ကြီးဌာနမှ ဆောင်ရွက် ခဲ့သည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားကာ၊ ကျေးရွာမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင် စကားပြောကြားသည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ကရစ်လမ်းဆောင်ရွက် ပြီးစီးမှုအခြေအနေများ၊ နေအိမ်သုံးဇီဝဓာတ်ငွေ့ကန် တည်ဆောက်ထားမှု အခြေအနေများ၊ ပိုးမွှား ကာကွယ်သော စိုက်ပျိုးအိမ်စနစ်ဖြင့် ဟင်းသီးဟင်းရွက်ပန်းမန် စိုက်ပျိုးထားရှိမှုများအား လိုက်လံ ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          အဆိုပါ သံဘိုရွာသစ်ကျေးရွာ ကွန်ကရစ်လမ်းမှာ အရှည် ၃၀၀၀ ပေ အကျယ် ၁၂ပေ ထု ၆လက်မရှိပြီး၊ ၂၀၂၄ - ၂၀၂၅ ခုဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေကျပ် ၁၀၀ ဒဿမ ၈၀ သန်းဖြင့် တင်ဒါအောင်မြင်သော မြင့်မိုရ်စံထား ကုမ္ပဏီမှ ၂၀၂၄ ခုနှစ် ဇွန်လ စတုတ္ထပတ်က စတင်တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ ကျေးရွာရှိ အိမ်ခြေ(၆၈)မှ လူဦးရေ(၂၇၉)ဦးတို့၏ လမ်းပန်းဆက်သွယ်မှုလွယ်ကူစေရေး အကျိုးပြုလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

နောက်ဆုံးရ သတင်း