မကွေး စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီးအတွင်းရှိ အမြင်အာရုံချိုတဲ့နေသော မိဘပြည်သူများအား အလင်းရောင် ပြန်လည်ရရှိစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် အမှူးရှိသော အစိုးရ အဖွဲဝင်ဝန်ကြီးများတို့က သီတဂူမြင့်မိုရ်စံ စက္ခုဒါနဆေးရုံကြီး၌(ပဉ္စမအကြိမ်)အခမဲ့မျက်စိ ခွဲစိတ်ကုသမှု ခံယူနေ သောလူနာများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက မကွေးမြို၊ မဟာဝိသုတာရာမကျောင်းတိုက်အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ ဖွင့်လှစ်ပေးခဲ့ပြီး မကွေးမြို၊ မဟာဝိသုတာရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုဏ္ဍလ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူတို့က သီတဂူမြင့်မိုရ်စံ စက္ခုဒါနဆေးရုံကြီး (ပဉ္စမအကြိမ်)တွင် အခမဲ့မျက်စိခွဲစိတ် ကုသမှု ခံယူနေသောလူနာများအတွက် အလှူငွေကျပ်သိန်း(၃၀)ကို ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ တောင်ငူမြို၊ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကိတ္တိသာရ ထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်း အနားကို "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သီတဂူမြင့်မိုရ်စံစက္ခုဒါန ဆေးရုံကြီးအတွင်း သီတဂူအထူးကုဆရာဝန်ကြီးများ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆေးရုံကြီးမှ ပါရဂူများနှင့် အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် သီတဂူဝေယျာ ဝစ္စအဖွဲဝင်များက ခွဲစိတ်ခန်းသုံးပစ္စည်းများ၊ ခေတ်မှီစက်ကိရိယာများဖြင့် မျက်စိဝေဒနာရှင်များအား စနစ်တကျ စမ်းသပ်စစ်ဆေးပေးနေမှု၊ ခွဲစိတ်ခန်းအတွင်း မျက်စိခွဲစိတ်ကုသပေးနေမှုနှင့် ခွဲစိတ်ပြီး မျက်စိဝေဒနာရှင်များအား ဆေးဝါးကုသစောင့်ရှောက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု ၍ အခမဲ့မျက်စိခွဲစိတ် ကုသမှုခံယူခဲ့ကြသည့် မျက်စိဝေဒနာရှင်များအတွက် မျက်မှန်၊ မျက်စဉ်း၊ ဆေးဝါး၊ ပံ့ပိုးငွေများနှင့် အာဟာရဖြည့်စွက်စာများကို ပေးအပ်ကာ၊ မျက်စိဝေဒနာရှင် ပြည်သူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားသည်။
အဆိုပါ မကွေးမြို သီတဂူမြင့်မိုရ်စံ စက္ခုဒါနဆေးရုံကြီးတွင်(ပဉ္စမအကြိမ်)အဖြစ် မကွေးတိုင်း အတွင်းရှိ မြိုနယ်အသီးသီးမှ လာရောက်ပြသကြသော မျက်စိဝေဒနာရှင် စုစုပေါင်း (၁၆၀၀)ကျော်အား စမ်းသပ်စစ်ဆေးပေးခဲ့ပြီး၊ မျက်စိအတွင်းတိမ်နှင့် ရေတိမ်ဝေဒနာရှင်တို့ကို သီတဂူအထူးကု ဆရာဝန်ကြီး များက ဩဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့ထိ အခမဲ့ ခွဲစိတ်ကုသ ပေးသွားမည်ဖြစ်ပြီး၊ မျက်စိဝေဒနာရှင်များနှင့် လူနာစောင့်များအားလုံး၏ နေထိုင်စားသောက်ရေးအတွက် သီတဂူ သာသနာ ပြုအဖွဲ့နှင့် အလှူရှင်များက အခမဲ့ စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။








