မကွေး ဇွန် ၂၁
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယနေ့နံနက်ပိုင်းက မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့ရှိ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော Kaung Ka Group Co, Ltt ၏ တန်ဘိုးမြှင့်ထုတ်ကုန် နှမ်းများဖြစ်သည့် အခွံချွတ်နှမ်း၊ သန့်စင်ပြီးနှမ်း အရောင်ရွေးထားပြီးနှမ်း၊ နှမ်းလှော်မှုန့်၊ နှမ်းဆီမွှေး၊ သန့်စင်ပြီးမြေပဲ၊ သန့်စင်ပြီးပဲမျိုးစုံ၊ သန့်စင်ပြီးပြောင်း၊ မြေဆီနှင့် နေကြာဆီ ထုတ်လုပ်၍ ပြည်တွင်း၊ ပြည်ပသို့ ထုတ်လုပ်တင်ပို့ ရောင်းချခြင်း လုပ်ငန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ထိုသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ရောက်ရှိစဉ် ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဒေါ်မိုးမိုးမြတ်ကိုက လုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တွေ့ကြုံနေရသည့် လုပ်ငန်းအခက်အခဲများ ပြေလည်စေရေး၊ ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၊ ဈေးကွက်ချဲ့ထွင်နိုင်ရေး ကိစ္စတို့နှင့် စပ်လျဉ်း၍ ပြောကြားကာ၊ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက် ပေးကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု အားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ် သပြေစမ်း ကျေးရွာ ကွင်းအမှတ်-၁၆၇၀/ဃ တောင်သူ ဦးဇော်ကြီး၏ မိုးနှမ်းအထွက်တိုးစံပြကွက် ဧက ၂၀.၀၀ သို့ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက နှမ်းသီးနှံစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ရေးအတွက် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးကောင်မျိုးသန့် ရရန်မျိုးသန့် ပွားများရေး ဆောင်ရွက်ထားသည့် စိုက်ခင်းဖြစ်ပြီး၊ ယခုနှစ်မိုးရွာသွန်းမှု မျှတစွာ ရွာသွန်း၍ စိုက်ချိန် စော၍ စိုက်နိုင်ခဲ့သည့်အတွက် လျားထားချက် ပြည့်မီအောင်စိုက်နိုင်ကာ၊ ယခုလိုအောင်မြင်ဖြစ် ထွန်းလျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း မိုးနှမ်းသီးနှံ ၁၁သိန်းကျော် စိုက်က်ရန် လျာထားကာ၊ ၁၅.၆.၂၆ နေ့ထိ မိုးနှမ်းသီးနှံ ၁၀၀၆၂၀၈ ဧက ၁၀ သိန်းကျော် စိုက်ပြီးဖြစ် ကြောင်း ရှင်းလင်းတင်ပြမှု အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လယ်ယာကဏ္ဍ သီးနှံများ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ပြီး ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်တဲ့ အရည်အသွေးကောင်းသီးနှံများ စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် တောင်သူ တစ်ဦးချင်းဝင်ငွေ တိုးတက်လာပြီး တောင်သူလယ်သမားများရဲ့ လူမှုစီးပွားဘဝများ တိုးတက်မြင့်မား လာမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်လည်း စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို မိမိတို့ရဲ့လယ်ယာ လုပ်ငန်းခွင် မှာ တစ်ဦးချင်းစီတိုင်းက လိုက်နာ ဆောင်ရွက်သွားကြရန် မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။






