မကွေး ဧပြီ ၂၇
ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဠ ဒေါက်တာမောင်မောင်ဌေး၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးတပ်နယ်အသီးသီးမှ အရာရှိစစ်သည် များ၊ မကွေးလေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများ၊ အခြေခံလေကြောင်းလူငယ်သင်တန်း တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းသား မိဘများတက်ရောက်ခဲ့ ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက ယခုဖွင့်လှစ်သည့် လေကြောင်းလူငယ် သင်တန်း(အခြေခံ)သည် လူငယ်မောင်မယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချပြီး မိမိတို့အတွက် အသိပညာနှင့် အတတ်ပညာရပ်ပိုင်းဆိုင်ရာတွင် အထောက် အကူပြုမည့် လေကြောင်းသိပ္ပံပညာရပ်များကို လေ့လာဆည်းပူးနိုင်ရန် ရည်ရွယ်၍ နှစ်စဉ် စဉ်ဆက် မပြတ်ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် နောင်တစ်ချိန်တွင် လေကြောင်း ပညာရပ်ဆိုင်ရာ မျိုးဆက်သစ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန်အတွက် သက်ဆိုင်ရာ စာပေနှင့် လက်တွေ့ဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ပြီး RC လေယာဉ်၊ ရဟတ်ယာဉ်၊ Drone မောင်းနှင်ခြင်း၊ RC Simulator မောင်းနှင်ခြင်းနှင့် လေ့လာရေးခရီးစဉ်များ သွားရောက်ခြင်း တို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့သင်ယူရရှိသည့် နည်းပညာနှင့် ဗဟုသုတ များကို မိမိတို့ဒေသရှိအခြားလူငယ်များထံ ထပ်ဆင့်ဖြန့်ဝေပေးခြင်းဖြင့် ဒေသအကျိုးပြုလေကြောင်း ပညာရှင်များပေါ်ထွက်လာအောင် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရန် ဤကဲ့သို့ လေ့ကျင့်ပျိုးထောင်ပေးနေခြင်းဖြစ်ရာ သင်တန်းသား/သူများအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ပြည့်ဝစွာဖြင့် ခေတ်စနစ်နှင့်အညီ တိုးတက်နေသော ပညာရပ်များကို မျက်ခြေမပြတ် လေ့လာသင်ယူ ကာရှေ့သို့ဆက်လက် ကြိုးပမ်းသွားကြရန်တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ နယ်မြေခံတပ်နယ်မှ ဗိုလ်ချုပ်သိန်းထွန်းဦးက လေကြောင်းပညာ သမိုင်းကို လေ့လာခြင်းဖြင့် လေကြောင်းနှင့် အာကာသသိပ္ပံဆိုင်ရာ ပညာရပ်များကို စိတ်ဝင်စားမှုတိုးပွား လာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သောပညာရပ်များကိုတတ်သိနားလည်ကာ နိုင်ငံတော် ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားကာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံလေကြောင်းလူငယ်သင်တန်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးလေတပ်စခန်း ဌာနချုပ်မှူးထံ ပေးအပ် ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် သင်တန်းတွင်အသုံပြုမည့် သင်ကြားမှု၊ သင်ယူမှုထောက်ကူပစ္စည်းများ နှင့် လေကြောင်းဆိုင်ရာ သမိုင်းမှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားမှု အားလေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
အဆိုပါ သင်တန်းကို (၂၇-၄-၂၀၂၆) ရက်မှ (၁၅-၅-၂၀၂၆)ရက်နေ့အထိ ရက်သတ္တ(၃)ပတ် (စနေနေ့အပါအဝင်) မကွေးလေတပ်စခန်းဌာနချုပ်(မကွေးသင်တန်းစခန်း)တွင် သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ မကွေးတိုင်းဒေသကြီးအတွင်းမှ သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး တက်ရောက်ခွင့်ရရှိကြောင်းသိရသည်။





