မကွေး ဧပြီ ၁၂
မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲ အခမ်းအနားကို ဧပြီလ ၁၁ ရက်နေ့ နံနက် ၉ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များစုံညီစွာတက်ရောက်ခဲ့ကြသည်။
ဦးစွာ တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများက တစ်ဦးချင်း မိတ်ဆက်စကား အသီးသီးပြောကြားခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက တစ်ဦးချင်း မိတ်ဆက်စကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက ဌာနဆိုင်ရာများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာ နှုတ်ခွန်းဆက်စကား ပြောကြားကာ၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထပ်ဆင့်ရှင်းလင်း ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အမှာစကား ပြောကြားရာတွင် မကြာမီအချိန်အတွင်းမှာ မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော်အား လမ်းလျှောက်သင်္ကြန်အဖြစ် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ပြည်သူများအားလုံး ပျော်ပျော်ရွှင်ရွှင်ဖြင့် ပါဝင်ဆင်နွှဲနိုင်ရေး၊ မြန်မာ့ ရိုးရာသင်္ကြန်ပွဲတော်အား ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့် အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရေး သက်ဆိုင်ရာဌာနများမှ ကျရာနေရာ ကဏ္ဍများအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ နှင့်သင်္ကြန်ပွဲတော်ကာလအတွင်း အုပ်ချုပ်မှုလျော့နည်းမှုဖြစ်စဉ်များ မရှိစေရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများမှ စနစ်တကျ ဆောင်ရွက်ထားရှိဖို့ အလေးအနက်ထား ပြောကြားလိုပါ ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရပ်ရွာအေးချမ်း သာယာရေး တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ဦးစားပေးတာဝန်တစ်ရပ်အဖြစ် အကောင်အထည် ဖော်ဆောင်ရွက်သွားမှာဖြစ်တဲ့ အတွက်၊ ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားဖို့ တိုက်တွန်းမှာကြား လိုကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်ရာမှာ အမျိုးသားစာရင်းအင်းစနစ် ခိုင်မာအား ကောင်းရန်အထူးလိုအပ်ရာ အမျိုးသားစီမံကိန်းများ၊ ရည်မှန်းချက်များ ထိရောက်အောင်မြင်စွာ ရေးဆွဲ ချမှတ်အကောင်အထည်ဖော်နိုင်ရေးအတွက် စာရင်းဇယားမှန်ကန်ရန် လိုအပ်မည်ဖြစ်သဖြင့် စာရင်းဇယားများ မှန်ကန်မှုရှိစေရေး သက်ဆိုင်ရာ တိုင်းဒေသကြီးဌာနဆိုင်ရာများမှ အလေးထား ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုများအား အရှိန်အဟုန်မြှင့် အားထည့်ဆောင်ရွက်သွားကြရန် လိုအပ်ပြီး အချိန် ကာလ(၁)နှစ်၊ (၂)နှစ်အတွင်း တိုးတက်ပြောင်းလဲလာအောင် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ မှာကြား လိုပါကြောင်း၊ မကွေးတိုင်းဒေသကြီး၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားရေး၊ စိုက်ပျိုး/ မွေးမြူရေး လုပ်ကိုင်သည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် အထူး အလေးထားဆောင်ရွက်ရန် လိုအပ်သလို စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ စိုက်ပျိုးရာ တွင်လည်း မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာဆောင်ရွက်နိုင်ရေး နွေစပါးအပါအဝင် ရာသီသီးနှံများ စိုက်ချိန် မှန်ကန် စေရေး ကြီးကြပ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးသည် မိမိတို့ နိုင်ငံ၏ ဆီအိုးကြီးသဖွယ် ဖြစ်သည့်အတွက် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာတို့အား ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရန် လိုအပ်ပြီး ဆီဖူလုံမှုအတွက် နေကြာ တိုးချဲ့စိုက်ပျိုးရေးကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ကြက်ဥဖူလုံရေးအတွက် မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာအနီးရှိ ရွှေတင့်တူး စိုက်ပျိုးမွေးမြူရေး ဇုန်မှ ဥစားကြက် မွေးမြူရေး လုပ်ငန်းသည် လက်ရှိမြေပြင်တွင် မွေးမြူထားရှိသည့် အောင်မြန်မာ သမဝါယမ အသင်းစုမှ (၄)ခြံ၊ သမအသင်းစုမှ (၂)ခြံ၊ စုစုပေါင်း(၆)ခြံတွင်း ကြက်ဥထုတ်လုပ်လျက် ရှိပြီး ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့် ဥစားကြက် မွေးမြူရေးခြံများအား အမြန်အကောင် အထည်ဖော်ဆောင်ရွက်စေရေးနှင့် အောင်လံမြို့နယ်ရှိ ရွှေတင့်ဝမ်း မွေးမြူရေးဇုန်ကိုလည်း အောင်မြင်အောင် စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မကြာခင် မိုးကြို ကာလများဖြစ်သည့် မေလ၊ ဇွန်လ ရောက်ရှိတော့မည်ဖြစ်၍ အဆိုပါလများအတွင်း လေပြင်း တိုက်ခတ်မှုအပါအဝင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားနိုင်သည့်အတွက် အလျှင်အမြန် တုံ့ပြန်နိုင် ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ကြိုတင် ဇာတ်တိုက်လေ့ကျင့်ထားကြရန်လည်း လိုအပ်မှာဖြစ်ကြောင်း၊ သဘာဝဘေးနှင့် ဆက်စပ်လို့ ရာသီဥတုပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်များ ကမ္ဘာနှင့်အဝှမ်းဖြစ်ပွားလျက်ရှိပြီး ယခုနှစ်တွင်လည်း အပူဒဏ်ကာကွယ်ရေးအတွက် အပူရှောင်စခန်းများအား တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချောက်ခရိုင်အတွင်း တည်ထားကိုးကွယ်မည့် စွယ်တော်မြတ် စေတီတော်(ချောက်) တည်ထားနိုင်ရန် စုစုပေါင်းခန့်မှန်း ကုန်ကျငွေ (၁၄) ဘီလီယံခန့် ကုန်ကျမည် ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း (၁.၅)ဘီလီယံ ထည့်ဝင်လှူဒါန်း ထားရှိကာ၊ တိုင်းဒေသကြီးဌာနဆိုင်ရာများအနေနဲ့ လစဉ်အလှူငွေများထည့်ဝင် လှူဒါန်းလျှက်ရှိပြီး စေတီတော် မြတ်ကြီး အမြန်ပြီးစီးရေးအတွက် အလှူငွေများ ဆက်လက်လှူဒါန်း ဆောင်ရွက်ပေးကြဖို့ ပြောကြား လိုပါကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲမှု အဆင့်ဆင့်အနေဖြင့် မြေယာစီမံ ခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ် များအား ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ရေးဆွဲပြဌာန်း ထားရှိသည့် (SOP)များနှင့် အညီ ဆောင်ရွက်ရန်လိုအပ်ပြီး ရပ်ကွက်/ ကျေးရွာများအတွင်း လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက် မရှိဘဲ အခြားနည်း အသုံးပြုမှုများ၊ ခြံစည်းရိုး ကာရန်ခြင်းများ၊ ဈေးဆိုင်/ အဆောက်အဦ ဆောက်လုပ် ခြင်းများအား မပြုလုပ်ကြရန်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်သည့်အချိန် တွေ့ရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ် တာဝန်ရှိသူအဆင့်ဆင့်အား ထိရောက်စွာ အရေးယူ ဆောင်ရွက်သွား မှာဖြစ်ကြောင်း သတိပေးပြောကြားလိုပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက် များနှင့်အညီ တိုင်းဒေသကြီး၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSMEs လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး (Quick Win) လုပ်ငန်းများအား အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ ပြောကြားလိုကြောင်း၊ တိုင်းဒေသကြီး၏ အဓိက ကဏ္ဍဖြစ်တဲ့ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)တွင်လည်း သက်ဆိုင်ရာဌာနများအနေဖြင့် မိမိတို့ကဏ္ဍအလိုက် ဆက်လက်တိုးတက်အောင် ဆောင်ရွက်ပေးကြဖို့နဲ့ တိုင်းဒေသကြီး၏ ဖွံ့ဖြိုးမှု ကဏ္ဍလျော့နည်းမသွားအောင် မိမိတို့အစိုးရအဖွဲ့နှင့်အတူ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်က အားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။



