မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ ကျင်းပ

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ ကျင်းပ

မကွေး    ဧပြီ     ၂

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို နှစ်စဉ် ကျင်းပလျက်ရှိရာ  မကွေးတိုင်းဒေသကြီး၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၅-၂၀၂၆ ခုနှစ် အစိုးရဓမ္မာ စရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို တိုင်းဒေသကြီးအတွင်းရှိ စာဖြေဌာန အသီးသီးတွင် ကျင်းပ ဆောင်ရွက်လျက်ရှိပြီး၊ စာဖြေသံဃာနှင့် သီလရှင်များအတွက် ဆွမ်းကွမ်းနှင့် လိုအပ်သည်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်ချုပ်ရေးမှူးများနှင့် စေတနာရှင်အလှူရှင်များက လိုအပ်သည် များကို ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။

          ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မကွေးတိုင်းဒေသကြီးအတွင်း သံဃာ့နာယက အဖွဲ့ ဥက္ကဋ္ဌနှင့် ဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် စာဖြေဌာန (၁၅)ခု ဖွင့်လှစ်ကာ မတ်လ (၂၉) ရက်နေ့မှ ဧပြီလ(၄)ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ပြီး၊  ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီး (၂၃၄)ပါး၊ ပထမလတ်(၄၀၆)ပါး၊ ပထမငယ်(၅၅၆)ပါး ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်း တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

          အဆိုပါ စာမေးပွဲများ သန့်ရှင်းစင်ကြယ်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အစိုးရပါဠိပထမပြန် နှင့် ဓမ္မာစရိယစာမေးပွဲ စည်းမျဉ်းအခန်း(၁၈)အရ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဆရာတော် ကြီးများ၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဂိုဏ်း ပေါင်းစုံ သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၊ သက်ဆိုင်ရာဒေသ အာဏာပိုင် လူပုဂ္ဂိုလ်များ ပါဝင်သော တိုင်းဒေသကြီး/ ပြည်နယ် အလိုက် အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန် စာမေးပွဲနှင့် နိကာယ် စာမေးပွဲ ကျင်းပရေးဗဟိုအဖွဲ့ခွဲများ ဖွဲ့စည်းကာဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲကို မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ် မတ်လ(၂၃)ရက်နေ့မှ စတင်ဖြေဆိုခဲ့ပြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် လက်ရှိ  ပထမပြန်စာမေးပွဲ ဖြေဆိုကြ သည့် တိုင်းဒေသကြီးအတွင်းရှိ စာဖြေရဟန်း၊ သာမဏေနှင့် သီလရှင်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ငွေကျပ် (၃၁)သိန်းကျော်တန်ဖိုးရှိ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း