မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးမြို့ သမဝါယမသင်တန်းကျောင်းခန်းမ၌ ပိုက်ဆက်လုပ်သားအဆင့်(၁) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

မကွေးမြို့ သမဝါယမသင်တန်းကျောင်းခန်းမ၌ ပိုက်ဆက်လုပ်သားအဆင့်(၁) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

မကွေး     မတ်      ၂၃

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သော ပိုက်ဆက်လုပ်သား အဆင့်(၁) သင်တန်း ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီက မကွေးမြို့ သမဝါယမသင်တန်းကျောင်း ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ(မကွေး)မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ နည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မြန်မာနိုင်ငံမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်း ဆိုင်ရာ လုပ်သားများ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ပြီး ပိုမိုဘေးကင်းလုံခြုံစွာဖြင့် ဆောင်ရွက်တတ် စေရန်ဆိုတဲ့ ရည်ရွယ်ချက်များ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်းမှ နည်းပြဆရာများက ကျောင်းရဲ့သင်ရိုးညွှန်းတမ်းများနှင့် အညီ လေ့ကျင့်ပေးသွားမှာဖြစ်လို့ စနစ်တကျ လိုက်နာသင်ယူသွားကြဖို့မှာကြားလိုကြောင်း၊ လက်ရှိ  မြန်မာ နိုင်ငံဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် လုပ်ကိုင်လျက်ရှိသော လုပ်သားများမှာ တစ်စိတ် တစ်ဒေသ ကျွမ်းကျင်သူများနှင့် လုံလောက်သော ပုံမှန်လေ့ကျင့်မှုမရှိဘဲ လုပ်ကိုင်နေသော လုပ်သား များအဆင့်သာဖြစ်တဲ့အတွက် ယခုသင်တန်းများဟာ သင်တန်းသားများရဲ့ ကျွမ်းကျင်မှုအဆင့်ကို အမျိုးသားအဆင့် မီအောင် လေ့ကျင့်ပေးပြီး အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေး အဓိက ဦးတည်လေ့ကျင့်ပေးသွားမှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် အားလျော်စွာ AEC (Asean Economic Community) ဖော်ဆောင်ရာမှာ Free Flow of Labours/ Skill Labours ပြုလုပ်မှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားများအနေနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံ အားလုံးရဲ့ နိုင်ငံသားများနဲ့ ယှဉ်ပြိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိနိုင်ရေးအတွက် ကိုယ်ရည် ကိုယ်သွေးများ မြှင့်တင်ပေးရန် နိုင်ငံတော်ရဲ့ Institution များအားလုံးမှာ တာဝန်ရှိသည့် အားလျော်စွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်း ကျောင်းမှ နည်းပြဆရာများ၊ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့ အရေးပေါ်လိုအပ်ချက် ဖြစ်တဲ့ ကျွမ်းကျင်လုပ်သားများကို တက်အားသရွေ့ မွေးထုတ်ပေးခြင်း ဖြစ်ပါကြောင်း၊ ယနေ့အချိန် ကာလဟာ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ပေါ်လာဖို့အတွက် ဘက်စုံ/ကဏ္ဍ စုံမှာ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများကို အရှိန်အဟုန်ကြီးကြီးမားမားနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး၊ နိုင်ငံတော်အတွက် ဘက်ပေါင်းစုံမှ ကာလတို၊ ကာလရှည် ရည်မှန်းချက်များချမှတ် အကောင်အထည် ဖော်ဆောင်ရွက်ရာမှာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုတိုးတက်ရေးဟာ အဓိကအရေးပါတဲ့ အခန်း ကဏ္ဍတစ်ခုအဖြစ် ပါရှိနေကြောင်း၊ ယခုလို လေ့ကျင့်သင်ကြားပေးခြင်း၊ ဆွေးနွေးပို့ချခြင်းဖြင့် လူ့စွမ်းအားအရင်း အမြစ်များရဲ့အရည်အသွေး တိုးတက်မြင့်မားပြီး လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားလာမှာ ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

          ဆက်လက်၍ မကွေးတိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးအောင်ညိုက သင်တန်းဖွင့်လှစ်ရခြင်း ဆိုင်ရာများနှင့် ဗဟိုသင်တန်းကျောင်း ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်ထွန်းက လေ့ကျင့်သင်ကြားပေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ ကြသည်။

          အဆိုပါသင်တန်းကို မြန်မာနိုင်ငံမှာရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ လုပ်သားများ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ပြီး ပိုမိုဘေးကင်းလုံခြုံစွာဖြင့် ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ မကွေး တိုင်းဒေသကြီးအတွင်းရှိ အတွေ့အကြုံရှိသော ဆောက်လုပ်ရေး လုပ်သားများအား စုစည်း ရွေးချယ်ကာ တက်ရောက်ခဲ့ခြင်းဖြစ်ပြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်းမှ နည်းပြဆရာများက သင်တန်းကာလ ရက်သတ္တ(၂) ပတ်ကြာ လေ့ကျင့်သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

နောက်ဆုံးရ သတင်း