မကွေး ဇန်နဝါရီ ၁၉
လူငယ်ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆ (Youth Peace Forum 2026)သို့ တက်ရောက်ခဲ့ကြသည့် မကွေးတိုင်းဒေသကြီးကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များ၏ ဖိုရမ်အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်း အနားကို ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီက မကွေးတက္ကသိုလ်ဘွဲ့နှင်းခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ကြမည့် လူငယ် ကိုယ်စားလှယ်များနှင့် မကွေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ (၁၃. ၁. ၂၀၂၆) ရက်နေ့မှ (၁၅. ၁. ၂၀၂၆) ရက်နေ့အထိ ကျင်းပ ပြုလုပ် ခဲ့သည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို မကွေးတိုင်းဒေသကြီးကိုယ်စားပြုပြီး သွားရောက် ဆွေးနွေး နှီးနှောဖလှယ်ကြခဲ့ကြသည့် လူငယ်များ၏ အတွေ့အကြုံတွေကို ပြန်လည်မျှဝေတဲ့ အခမ်းအနား ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ အသက် (၁၅)နှစ်မှ (၃၅) နှစ်အထိ လူငယ်များ ကိုယ်စားသွားရောက်ခဲ့သည့် လူငယ်ကိုယ်စားလှယ် (၁၀)ဦးအနေဖြင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် - ၂၀၂၆ မှာ ရရှိခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတများကို ဖိုရမ်ကို မတက်ရောက်နိုင်ခဲ့သည့် လူငယ်များ အားပြန်လည်မျှဝေပေးခြင်းဖြင့် တို့တိုင်းဒေသကြီးမှာရှိတဲ့ လူငယ်များ၏ အရည်အသွေး၊ စွမ်းဆောင် ရည်နှင့် စိတ်ဓါတ်များမြင့်မားလာပြီး ဆင်ခြင်တုံတရားနှင့် မှန်ကန်စွာ တွေးခေါ် မြော်မြင်တတ်လာ မယ်လို့ ယုံကြည်ပါကြောင်း၊ လူငယ်များ၏ တက်ကြွလိုသည့် စိတ်၊ သင်ကြားတတ်မြောက်ထားသည့် အတတ်ပညာနှင့် လူကြီးများ၏ အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး တိုင်းပြည် ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားမှသာ ဒေသအလိုက် ဖွံဖြိုးတိုးတက်ပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် လူငယ်များ၏ အခန်းကဏ္ဍ အလွန်အရေးပါပြီး မတူကွဲပြားခြားနားသည့် အရာများကို အကြမ်းဖက်မှုဖြင့် မဖြေရှင်းဘဲ ဆွေးနွေးညှိနှိုင်းမှု၊ သည်းခံနားလည်မှုများဖြင့် ဖြေရှင်းတတ်မှသာ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း တစ်ခုကို ပုံဖော်နိုင်မှာ ဖြစ်ပါကြောင်း၊ လူငယ်များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် လူသားအရင်း အမြစ်များဖြစ်ပြီး လူသားအရင်းအမြစ်များ ပေါများဖို့ကလည်း အတတ်ပညာတွေ တက်မြောက်ထား ဖိုလည်းလိုအပ်ကြောင်း၊ ဒါကြောင့်မို့ မကွေးတိုင်းဒေသကြီးမှ လူငယ်များအနေဖြင့်လည်း လူငယ် ငြိမ်းချမ်းရေးဖိုရမ် - ၂၀၂၆ သို့ တက်ရောက်ခဲ့သည့် လူငယ်ကိုယ်စားလှယ်များ အတွေ့အကြုံ၊ ဗဟုသုတများကို သေချာလေ့လာမှတ်သားပြီး မိမိဒေသ၊ မိမိပတ်ဝန်းကျင် ငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက် ရေးကို ဆောင်ရွက်နိုင်ကြသည့် လူငယ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်ငြိမ်းချမ်းရေးဖိုရမ် - ၂၀၂၆ Theme Song Vedio Clip အား ပြသခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်အဖွဲ့ အဖွဲ့ခေါင်းဆောင် လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က လူငယ်ငြိမ်းချမ်းရေးဖိုရမ် - ၂၀၂၆ နှင့် ပတ်သက်၍ အကျဉ်းချုပ် ရှင်းလင်းတင်ပြကာ၊ ဖိုရမ်သို့ တက်ရောက်ခဲ့ကြသော မကွေးတိုင်းဒေသကြီး ကိုယ်စားလှယ်များက ဖိုရမ်ခေါင်းစဉ် (၁၀) ခုအပေါ် တစ်ဦးချင်း ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသူများမှ မေးခွန်း (၃) ခု မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြား ခြင်းတို့ဆောင်ရွက်ကာ၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ၏ အနှစ်ချုပ် သဘောတရားများအား အဖွဲ့ခေါင်း ဆောင် လူမှုရေးရာဝန်ကြီးက နိဂုံးချုပ်ပြောကြားခဲ့ကြောင်း သိရသည်။




