မကွေး အောက်တိုဘာ ၃၀
မကွေးတိုင်းဒေသကြီး သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း အခြေခံကွန်ပျူတာ(အချိန်ပိုင်း)သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၃၀ ရက် ယနေ့ နံနက် ၉ နာရီက အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောက်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ ဆရာ / ဆရာမများ ၊ ဝန်ထမ်းများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမျိုးသားရေးစိတ်ဓါတ်နှင့် လူမှုရေးစိတ်ဓါတ် အခြေခံ ပြည့်ဝသော အသက်မွေးကျောင်း ပညာကျွမ်းကျင်သူများ မွေးထုတ်ပေးရန်၊ အခြေခံ သင်ကြားပို့ချခြင်းဖြင့် နိုင်ငံတော်၏ ကွန်ပျူတာဘာသာရပ်များကို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ကို အထောက်အကူပြုရန်၊ ရုံးဌာနအသီးသီးမှဝန်ထမ်းများ ရုံးလုပ်ငန်းများအတွက် အထောက်အကူပြုစေရန်နှင့် ဒေသအတွင်းရှိ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး အတွက် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ယနေ့ခေတ် စီးပွားရေးလုပ်ငန်း နယ်ပယ်များမှာ ပုဂ္ဂလိကကုမ္ပဏီများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရရုံး အဖွဲ့အစည်းများ အစရှိသော စီးပွားရေးလုပ်ငန်းများတွင် ကွန်ပျူတာပညာ ရပ်မှာ တွင်တွင်ကျယ်ကျယ် လက်တွေ့အသုံးပြု ဆောင်ရွက်လာကြသည်ကို တွေ့မြင်နေရပြီး ၎င်းပညာရပ်များ တတ်မြောက်ထားသော အနာဂတ် လူငယ်များအတွက်လည်း ပြည်တွင်းပြည်ပ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုများ တိုးတက်မြင့်မားလာပြီး အောင်မြင်မှုများ ရရှိနေတာကိုလည်း တွေ့မြင်ရကြောင်း၊ ဒီသင်တန်းမှာ Grade 12 အောင်မြင်ပြီးသူ ( ၁၁ )ဦး၊ ဘွဲ့ရ (၄)ဦး၊ သင်တန်းတက် ရောက်ခဲ့ပြီး အစိုးရဝန်ထမ်း (၅)ဦး လည်း ပါဝင်တာကို တွေ့ရကြောင်း၊ Grade 12 အောင်မြင်ပြီးသူ ကျောင်းသား/ကျောင်းသူတွေအနေနဲ့ ဒီအခြေခံကွန်ပျူတာပညာကို အသုံးချပြီး အဆင့်မြင့်ပညာ များကို တိုးတက်သင်ယူနိုင်မှာ ဖြစ်သလို မိမိဌာနများမှာရှိတဲ့ ကွန်ပျူတာတွေကို အထောက်အကူ ပြုလာမှာပဲဖြစ်ပါကြောင်း၊ ဒီသင်တန်းမှာ -ကွန်ပျူတာပညာမိတ်ဆက် (Introduction to Computer and ICT) စာစီစာရိုက် (Microsoft Office Word )ဖော်မြူလာများဖြင့်စာရင်းဇယား ရေးဆွဲခြင်း( Microsoft Office Excel ) ရုပ်ပုံကားချပ် များဖြင့်တင်ပြခြင်း(Microsoft Office Powerpoint) ကွန်ပျူတာကွန်ရက်နှင့် အီးမေလ်ဖြင့် သတင်း အချက်အလက်ပေးပို့ခြင်း၊( Internet and Email) စတဲ့ဘာသာရပ်တွေကို သင်ကြားပို့ချခဲ့ပြီး သင်တန်း အကျိုးရလာဒ်အနေဖြင့် အစိုးရအသိအမှတ်ပြု သင်တန်းလက်မှတ်ဖြစ်သည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများအတွက် အထောက်အကူ ပြုမှာဖြစ်ပါကြောင်း၊ သင်တန်းသားများအနေနဲ့ သင်တန်းက ပို့ချပေးသည့် ပညာရပ်တွေနဲ့ မိမိတို့အကျိုး၊ မိသားစုအကျိုးများကို ထမ်းဆောင်နိုင်မည်ဟု ယုံကြည် ကြောင်းနှင့် ယခုလို ကွန်ပျူတာပညာရပ်များ သင်ကြားခွင့်ရအောင် ဆောင်ရွက်ပေးသော နိုင်ငံတော် အကြီးအကဲများ၏ စေတနာကိုနားလည်သဘောပေါက်ပြီး ပြန်လည်ကျေးဇူး တုံ့ပြန်သောအားဖြင့် ကွန်ပျူတာပညာကို တတ်ကျွမ်းသော ယဉ်ကျေးလိမ္မာသော အမျိုးကောင်းသား၊ အမျိုးကောင်း သမီး များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး) ကျောင်းအုပ်ကြီးက သင်တန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က သင်တန်းဆင်းအောင်လက်မှတ်များအား ပေးအပ်ချီးမြှင့်ပေးကာ၊ သင်တန်းသား(၁)ဦး က ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါ အခြေခံကွန်ပျူတာ (အချိန်ပိုင်း) သင်တန်းသို့ သင်တန်းသား(၁၅)ဦး တက်ရောက် ခဲ့ပြီး၊ သင်တန်းကို (၁၈-၈-၂၀၂၅) ရက်နေ့မှ(၃၀-၁၀-၂၀၂၅) ရက်နေ့ထိ (၂)လခွဲကြာ ဖွင့်လှစ်သင်ကြား ပို့ချခဲ့ကြောင်း သိရသည်။



