မကွေး ဧပြီ ၁၀
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုသည် အဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ တိုင်းဒေ သကြီး၊ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယနေ့ နေ့လယ်ပိုင်းက မင်းဘူးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မင်းဘူးခရိုင်အားကစားကွင်းအား အဆင့်မြှင့်တင်ခြင်း လုပ်ငန်း အဖြစ် အားကစားကွင်း မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် မင်းဘူးခရိုင် အားကစားကွင်းသို့ ရောက်ရှိစဉ် အားကစားကွင်းအတွင်း၌ ရေစီးရေလာ ကောင်းမွန်စေရေး အတွင်း ပတ်လမ်း၊ အပြင်ပတ်လမ်း အုတ်စီရေမြောင်း ဆောင်ရွက်နေမှု၊ စက်ယန္တရားကြီးများဖြင့် အားကစား ကွင်း မြေဖိုခြင်းနှင့် မြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ၊ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က အားကစားကွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအားလုံး အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရေးနှင့် သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး မှာကြားသည်။
အဆိုပါ မင်းဘူးခရိုင်အားကစားကွင်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေဖြင့် အားကစားကွင်း အတွင်းပတ်လမ်း (အရှည် ၁၃၀၂ ပေ၊ အကျယ် ၁ ပေ ၆ လက်မ၊ အမြင့် ၂ ပေ ၆ လက်မ) အုတ်စီရေမြောင်း ဆောင်ရွက်ခြင်း လုပ်ငန်းကို ခွင့်ပြုငွေ ၁၀၅ ဒသမ ၀၁ ကျပ်သန်းဖြင့် လည်းကောင်း၊ အားကစားကွင်း အပြင်ပတ်လမ်း (အရှည် ၁၈၀၀ ပေ၊ အကျယ် ၁ ပေ ၆ လက်မ၊ အမြင့် ၂ ပေ ၆ လက်မ) အုတ်စီရေမြောင်း ဆောင်ရွက် ခြင်းလုပ်ငန်းကို ခွင့်ပြုငွေ ၁၀၁ ဒသမ ၆၂ ကျပ်သန်းဖြင့်လည်းကောင်း စုစုပေါင်းလုပ်ငန်း နှစ်ရပ်ကို ၂၀၆ ဒသမ ၆၃ ကျပ်သန်းဖြင့် အားကစားကွင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ ကုတင်(၅၀၀)ဆံ့ တိုင်းပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး၊ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့တွင် ဆေးရုံ အဆင့်မြှင့်တင်ရန် တိုးချဲ့(၅)ထပ် လူနာကုသဆောင် အသစ်ဆောက်လုပ်ခြင်းလုပ်ငန်းအား ကြည့်ရှု စစ်ဆေးရာ၊ တည်ဆောက်ရေးရှင်းလင်းဆောင်တွင် M.D.A(Myanmar Developer Associates Co.ltd) တည်ဆောက်ရေးလုပ်ငန်း တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လုပ်ငန်းခွင် အတွင်း လှည်လည်ကြည့်ရှုစစ်ဆေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။
အဆိုပါ တိုးချဲ့ (၅)ထပ်လူနာ ကုသဆောင်အသစ် ဆောက်လုပ်ခြင်းလုပ်ငန်းအား ၂၀၂၄ - ၂ဝ၂၅ ဘဏ္ဍာရေးနှစ် GRF မှ ခွင့်ပြုရန်ပုံငွေ ကျပ် (၆,၀၀၀,၀၀၀)သန်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ်(၂,၀၀၀,၀၀၀) သန်းဖြင့် M.D.A(Myanmar Developer Associates Co.ltd)မှ (၁-၆-၂၀၂၅)ရက်နေ့တွင် စတင်၍ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံ အဆင့်မြှင့်တင်ရန် (၂)ထပ်လူနာဆောင် အဆောက် အဦအဟောင်း Block (C,D,E) ဖျက်သိမ်းခြင်းလုပ်ငန်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ (အောင်ပဒေသာကုမ္ပဏီ)နှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ အပ်နှံဆောင်ရွက်သော နိုင်ငံတော်စီမံကိန်းဖြစ်ပြီး၊ လက်ရှိတွင် 1327 Points Pile ရိုက်ခြင်းကို (10-2-2026)ရက်နေ့တွင် (100 %)ပြည့် ဆောင်ရွက်ပြီးစီးကာ၊ Pile Cap (125 nos)& Cap Beam လုပ်ငန်းအား (၉-၄-၂၀၂၆)ရက်နေ့အထိ (89%)ဆောင်ရွက်ခဲ့ပြီး (၃၀-၄-၂၀၂၆) ရက်နေ့တွင် (100%)ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူထံမှ သိရသည်။









