မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် တက်ရောက်

ပွင့်ဖြူ စက်တင်ဘာ ၂၀

          ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေ ကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည် အသုံးချမျှဝေနိုင်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်း အနား ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့ အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်သည်။

          ဦးစွာ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ အတွင်းရေးမှူး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်၊ မကွေးတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ကော်မတီဥက္ကဌ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပါဝင်ကူညီ ခဲ့သည့် ပွင့်ဖြူ အ.ထ.ကကျောင်းမှ အေရိုးဗစ်အကအဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြု ချီးမြှင့် ငွေများပေးအပ်သည်။

          ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ထည့်သွင်းကျင်းပသော ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ဖြစ်သည့် ဆေးရောင်ခြယ်၊ စကားပုံဆက်၊ အရုပ်ဆက်၊ ခါးကွင်းလှည့်၊ အရုပ်ကွင်းစွပ်၊ ဘောလုံး ဂိုးသွင်း၊ ဆန်ကောရွက် စသည့် ကစားနည်းပြိုင်ပွဲမျိုးစုံ ကျင်းပနေမှုနှင့် အေးချမ်းပျော်ရွှင်စွာ ယှဉ်ပြိုင် နေမှုများ ကို ကြည့်ရှုအားပေးကာ ပွဲတော်အတွင်း ပါဝင်ဆင်နွှဲခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လှပသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်းနှင့် လူငယ်ရေးရာ အသိပညာ ပေးလှုပ်ရှား ဆောင်ရွက်မှုပြခန်း၊ ဌာနဆိုင်ရာပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များကို လှည့်လည် ကြည့်ရှုအားပေး ကာ ကျောင်းသားကျောင်းသူများအတွက် အာဟရဖြည့် အစားအစာနှင့် အချိုရည်များကို ဝေငှခဲ့သည်။

 

 

 

အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ ပွင့်ဖြူမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “အလှဆုံးပန်းများ ပွင့်ကြပြီ” တေးသီချင်း ဖြင့်သီဆိုဖွင့်လှစ်သည်။

          ဆက်လက်ပြီး အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉)ရပ်အနက် လူမှုရေးဦးတည်ချက်ထဲတွင် “နိုင်ငံ၏ဖွံ့ဖြိုးတိုး တက်မှုလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစု အဖြစ်ပါဝင်စေရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်လာစေရန် လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်ရေး” ဆိုသည့် အချက်ပါဝင်ပြီး ကျောင်းသား လူငယ်များနှင့် တိုက်ရိုက်သက်ဆိုင်သော ဦးတည်ချက်တစ်ခုဖြစ်ပါကြောင်း၊ ကျောင်းသားလူငယ်များ ပညာဗဟုသုတ ပြည့်စုံ ကြွယ်ဝရေးအတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်နိုင်သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို စဉ်ဆက် မပြတ်အရှိန်အဟုန်ဖြင့် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ တန်ဖိုးထားရသော အနာဂတ် လူငယ်များအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားစေရန် စာအုပ်၊ စာပေကောင်းများကို လေ့လာ၊ ဖတ်ရှု၊ မှတ်သား ကြရမှာဖြစ်သည့်အတွက် စာအုပ်၊ စာပေ ကောင်းများကို အမြဲလေ့လာဖတ်ရှုနိုင်ရန် ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါကြောင်း၊ စာအုပ်၊ စာပေဆိုသည်မှာ မည်မျှပင် ကာလကြာရှည်က ထုတ်ဝေ ခဲ့သည်ဖြစ်စေ မဖတ်ရ၊ မလေ့လာရသေးပါက အသစ်ပဲဖြစ်ပါကြောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲက “စာမတတ်သူသည် ထိုင်နေသည့် လူနှင့်တူပြီး စာတတ်ပြီး စာမဖတ်သူသည် ရပ်နေသည့်လူနှင့်တူကြောင်း၊ စာတတ်ပြီး စာလည်းဖတ်သူမှာ လမ်းလျှောက် နေသူနှင့် တူကြောင်း” ကိုလည်း လူငယ်များကို တိုက်တွန်းမှာကြားခဲ့ပါကြောင်း၊ ဒါ့ကြောင့် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့် အညီ ယခုလို ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်တင် ရေးပွဲတော်ကို ၂၀၂၄ ခုနှစ်မှ စတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပ ခဲ့ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

          ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် က စာပေသိပညာ ကြွယ်‌ဝ စေရေး “စာဖတ်ခြင်း၏ အကျိုး ကျေးဇူး” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။

          ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အတွင်း ထည့်သွင်းကျင်းပသော အခြေခံပညာ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့် ပုံပြင်ပြော ပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်း၊ အဆိုပါပွဲတော်၌ အထူးအစီအစဉ်တစ်ရပ်အဖြစ် ကျင်းခဲ့ပသော အမြဲမပြတ်လေ့လာသင်ယူရေး စကားဝိုင်း (Never Stop Learning Talk Show)တွင် စာရေးဆရာမ ခင်ဆွေဦး ရေးသားသော “အင်ကြင်းရဂုံ” စာအုပ်အား ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကို မကွေး တိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဌ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြ သူများက ပြိုင်ပွဲဝင် ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ဖျော်ဖြေရေးအဖွဲ့ ကျောင်းသား၊ ကျောင်းသူ လေးများ၏ ဧည့်ခံဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး တာဝန် ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေ များ ပေးအပ်သည်။

          ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် အခြေခံပညာအဆင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ၊ အမြဲမပြတ်လေ့လာ သင်ယူရေးစကားဝိုင်းများအပြင် ဌာနဆိုင်ရာပြခန်းများ၊ စာအုပ်အရောင်းဆိုင်များဖြင့် စက်တင်ဘာ ၁၈ ရက်မှ ၁၉ ရက်နေ့အထိ နှစ်ရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသား မိဘများနှင့် ဒေသခံ ပြည်သူ စုစုပေါင်းအင်အား (၁၅၀၀)ကျော်က တစ်ခဲနက် အေးချမ်းပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲ ခဲ့ကြောင်းသိရသည်။

နောက်ဆုံးရ သတင်း