မကွေး စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး မကွေးမြို့ အခြေခံကျန်းမာရေးတက္ကသိုလ်-မကွေး၏ (၃၇)ကြိမ်မြောက် လက်ထောက်ကျန်းမာရေးမှူး(အကျဉ်းချုံး) သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)ဘွဲ့နှင်းခန်းမ၌ ကျင်းပရာ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးမြို့ရှိ တက္ကသိုလ်ကောလိပ် အသီးသီးမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ် ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းဆင်းမောင်မယ်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး) ကျောင်းသား၊ ကျောင်းသူလေးမျာ seeးက ထာဝရ သစ္စာ တေးသီချင်းဖြင့် ကပြဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် လက်ထောက်ကျန်းမာရေးမှူး(အကျဉ်းချုံး)သင်တန်းဟာ (၁၉၈၀) ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ယခုသင်တန်းအပါအဝင်(၂၀၂၅)ခုနှစ်အထိ စုစုပေါင်(၂၇၁၉)ဦး မွေးထုတ် ပြီးခဲ့ကြောင်းလည်း သိရပါကြောင်း၊ ဒီကနေပြန်သွားလို့ ကိုယ်တာဝန်ကျရာ နယ်ပယ် အသီးသီးမှာ ကျေးလက်ဒေသ အောက်ခြေအထိ ကျန်းမာရေးပညာပေးခြင်း၊ ရောဂါကာကွယ် တားဆီးခြင်းတို့ကို ထိထိရောက်ရောက် အကောင်ထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပြီး၊ အခြား ကျန်းမာရေးဝန်ထမ်းတွေနဲ့ လက်တွဲပြီး အောင်မြင်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်လူဦးရေ၏ (၇၀) ရာခိုင်နှုန်းဖြစ်တဲ့ ကျေးလက်နေ ပြည်သူပြည်သားတွေရဲ့ ကျန်းမာရေးကို အထူးတာဝန်ယူရမှာ ဖြစ်လို့ တာဝန်တကယ် ကြီးမားလှပါကြောင်း၊ ကိုယ့်ဘဝတက်လမ်း အနေနဲ့ ကျန်းမာရေးမဟာသိပ္ပံ ဘွဲ့အထိ ဆက်လက် တက်ရောက်နိုင်ရန် လမ်းတွေပွင့်နေပြီဖြစ်ကြောင်း၊ ပြည်သူလူထု ကျန်းမာရေး ကောင်းမွန်အောင် စောင့်ရှောက်ပေးခြင်းဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် အဓိက ကူညီဆောင် ရွက်ပေးနေခြင်းဖြစ်ပြီး၊ နိုင်ငံတော်အစိုးရကလည်း ပြည်သူလူထု ကျန်းမာရေးအတွက် အမြဲအလေး ပေးဆောင်ရွက်လျက်ရှိသလို၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ပြည်သူလူထု ကျန်းမာရေး ဆိုင်ရာ ကိစ္စများကို အလေးပေး ဆောင်ရွက်လျက်ရှိပြီး၊ လိုအပ်သော ကူညီပံ့ပိုးမှုများ ပေးလျက်ရှိ ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အခြေခံကျန်းမာရေးတက္ကသိုလ်-မကွေး ပါမောက္ခချုပ် ဒေါက်တာထွန်းတင်က လက်ထောက်ကျန်းမာရေးမှူး(အကျဉ်းချုံး)သင်တန်းအကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး၊ သင်တန်းဆင်း အောင်လက်မှတ်များကို သင်တန်းသား ကိုယ်စားလှယ်တစ်ဦးအား ပေးအပ်ကာ၊ ကွင်းဆင်းလေ့ကျင့် ရေး ထူးချွန်ဆုရအဖွဲ့အား တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က ဆုများ ချီးမြှင့်ပေးခဲ့သည်။
ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများက “တောင်ယာဝင်ချိန်” ၊“ရိုးရိုးလေး”နှင့် “အလှကမ္ဘာမြေ” တေးသရုပ်ဖော်သီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းထူးချွန်ဆုရရှိသူများနှင့် အကအလှ ဖျော်ဖြေရေးအဖွဲ့များကို ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။